Monday, 5 July 2010

သားနဲ့ သမီး -၁


သားလေးနဲ့ သမီးလေးအကြောင်းကိုတော့ အမှတ်တရဖြစ်အောင် စာလေးနဲ့ ရေးထားချင်ပါတယ်။ အခုရက်ပိုင်းတွေကလည်း အလုပ်များများစားစား မရှိတာလည်း ပါတာပေါ့။ သားနဲ့ သမီးကြီးလာတဲ့အခါကျရင် ဒီရေးထားတာလေးတွေကို ဖတ်ကြည့်နိုင်ပါစေလို့လည်း ရည်ရွယ်ပါတယ်။

ကိုယ်ဝန်ရှိတဲ့ အကြောင်းတွေကစပြီး ပြောရမှာပေါ့လေ။ သားလေးရော သမီးလေးရောကို တကယ်လိုချင်လို့ယူခဲ့တာပါ။ မတော်တဆ ရသွားတာမျိုး မဟုတ်ဘဲ အရမ်းလိုချင်တဲ့အချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတာပါ။

သားလေး ကိုယ်ဝန်ရှိတဲ့အချိန် ကျန်မတို့ အခြေအနေကို ပြောပြချင်ပါတယ်။ အဲ့ဒီတုန်းက မင်္ဂလာဆောင်ပြီးကာစ လပိုင်းပဲ ရှိသေးတယ်။ သူ့အဖေကလည်း အော်စီ ပီအာ မရသေးဘူး။ ကျန်မကလည်း အလုပ်လုပ်ဖို့ဆိုတာ စိတ်ထဲမှာတောင် ရှိတာမဟုတ်ဘူး။ ပီအာမရလည်း ရန်ကုန်မှာပဲ နေကြမယ်၊ ပီအာရရင်တော့ အော်စီသွားကြမယ်ဆိုတဲ့ စိတ်မျိုးထက် ဘာမှပိုပြီး လေးလေးနက်နက် မရှိလှဘူး။ ဒါပေမယ့် ကလေးလေးတစ်ယောက်တော့ အရမ်းလိုချင်နေကြပြီ။ မိသားစု ဘ၀လေးကို ပိုပြီး လိုချင်တယ်။ အဲ့ဒါနဲ့ပဲ ကလေးယူဖို့ ဆုံးဖြတ်ဖြစ်ခဲ့ကြတာပေါ့။

သမီးအလှည့်ကျတော့ တမျိုး၊ သားလေးကလည်း ၃ နှစ်ကျော်ပြီး ၄ နှစ်ပြည့်ခါနီးပြီ။ ကလေးနောက်တစ်ယောက် ယူရမလို မယူရမလိုနဲ့ စဉ်းစားနေတာ။ အစစ အရာရာပေါ့လေ။ ငွေရေးကြေးရေးအပါအ၀င် သားလေး စိတ်မကောင်းမှာ စိုးတာတွေပါ ထည့်တွက်ရတာပေါ့။ ဒါပေမယ့် မောင်နှမသားချင်းဆိုတာ ရှိမှ တချိန်အသက်ကြီးလာရင် မိသားစုအရေးတွေ ဆုံးဖြတ်တဲ့အခါ ရပ်တည်တဲ့အခါ ပိုပြီး အဆင်ပြေမယ်လေ။ သားလေးကို တစ်ယောက်တည်း လောကကြီးကို မရင်ဆိုင်ခိုင်းချင်ဘူး။ သူနဲ့ အဖော်ရမယ့် နောက်တစ်ယောက် ရှိတော့ အရေးအကြောင်းဆို အတူ လက်တွဲလို့ရတာပေါ့ဆိုပြီး သမီးလေးကိုယူဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။

ကျန်မကိုယ်တိုင်က တစ်ဦးတည်းသောသမီး အနေနဲ့ ဘ၀ကို ဖြတ်သန်းလာခဲ့ရတော့ တစ်ယောက်တည်းဖြစ်နေခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို မြင်ခဲ့ပြီးသားပါ။ အဲ့ဒါကြောင့်လည်း အဲ့ဒီ ဆိုးကျိုးတွေကို သားလေးကို ရင်မဆိုင်စေချင်ဘဲ၊ ကောင်းကျိုးတွေကိုတော့ ဆက်ပြီး ရနေအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်လို့ စိတ်ကူးခဲ့ပါတယ်။

သားလေးတုန်းက ဂျူးဒိတ် က မတ်လ ၁၇ ရက်မှာ ပါ။ မိဿရာသီဖွား မဖြစ်တော့ဘူးဆိုပြီး တွေးထားခဲ့ပေမယ့် တကယ့်တကယ် မိဿရာသီဖွားအဖြစ်နဲ့ ထွက်လာခဲ့တဲ့ ဇာတ်လမ်းကိုတော့ နောက်ပိုင်းမှာ အသေးစိတ် ရေးသွားပါ့မယ်။ သမီးလေး အလှည့်ကျတော့ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ၊ ဧပြီ ၁၃ ရက်မှာ ဂျူးပါတယ်။ ဒါပေမယ့် အာထရာဆောင်းနဲ့ တွက်လိုက်တော့ ဧပြီ ၂၀ မှာမှ ဂျူးတယ်ဆိုပြီး ဖြစ်ပြန်တယ်။ ဘယ်လိုမှ ပြေးမလွတ်တဲ့ မိဿဖွားလေး နောက်တစ်ယောက်ပေါ့လေ။ အဲ့ဒီလိုနဲ့ တမိသားစုလုံး မိဿဖွားတွေ ဖြစ်ကုန်လေသတည်းပေါ့။


ယောက်ျားလေး ကိုယ်ဝန်ဆိုရင် ရုပ်ရင့်ပြီး မိန်းကလေး ကိုယ်ဝန်ဆိုရင် ရုပ်နုတယ်ဆိုတဲ့ မြန်မာ အယူအဆက ဒက်ထိကို မှန်တာပါပဲ။ သားလေးကိုယ်ဝန်တုန်းက ၀က်ခြံတွေ အဖုတွေ ထွက်သလောက် သမီးကိုယ်ဝန်မှာ မျက်နှာက ဘာမှ မလိမ်းမခြယ်ဘဲကို အသားအရေကောင်းနေလေရဲ့။

သားလေးကိုယ်ဝန်စရှိတုန်းက ရန်ကုန်မှာပေါ့။ သူ့အဖေက အော်စီကို ပြန်သွားပြီး မကြာဘူး သိရတာပဲ။ သူ့အဖေလည်း ဆစ်ဒနီမှာ ၃ ပတ်ပဲနေပြီး ချက်ချင်းကို ပြန်ရောက်လာတော့တာပါပဲ။ ဟန်းနီးမွန်းကလည်း မယ်မယ်ရရ မသွားရသေးတော့ ယိုးဒယားမှာ သူ့အဖေကို သွားကြိုရင်း ဟိုနားဒီနား လျောက်လည်ကြမယ်ပေါ့။ လေယာဉ်ပေါ်စတက်လိုက်ကတည်း ပျို့ချင်အန်ချင်ဖြစ်လိုက်တာ... အရမ်းကို ကြိုက်ပါတယ်ဆိုတဲ့ ယိုးဒယားစာတွေလည်း မစားနိုင်တော့ဘူး ဖြစ်ရော။ ပတ်တရာကမ်းခြေသွားတော့လည်း ဘတ်စကားပေါ်မှာ အန်ဖို့အိတ်ကို လက်က မချဖြစ်ဘူး။ ရန်ကုန်ပြန်ရောက်တော့လည်း နေလို့မကောင်းတာနဲ့ အိုဂျီဆီစပြီး ပြဖြစ်တာပေါ့လေ။ အဲ့ဒီမှာ အန်တာသက်သာတဲ့ဆေးတွေနဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေ စပြီး သောက်ရတော့တာပဲ။

သူ့အဖေက အိမ်နားက ဆေးဆိုင်ကနေ အိုဘီမင် ဆိုတဲ့ အားဆေး ၀ယ်ပေးတယ်။ အန်တာ သက်သာတယ်လို့လည်း ရေးထားတာကိုး။ အိုဂျီဆီရောက်တော့ ပိုပြီး ဈေးကြီးတဲ့ ပရက်နေကဲ တို့ ဘာတို့ ပြောင်းသောက်ရတယ်။ မှတ်မှတ်ရရနော်... ကျန်မလောက် ဆေးသောက်ပျင်းတဲ့သူက အဲ့ဒီဆေးတွေကို တစ်ရက်မပျက် သောက်ခဲ့တယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်တွေအတွက် နို့မှုန့်ဆိုတာ ... ရန်ကုန်က ဘလေဇွန်မှာပဲ ၀ယ်လို့ရတာဆိုပဲ။ အဲ့ဒါသောက်ရင် ကလေး ဦးနှောက်ကောင်းတယ်ဆိုလို့ နို့နဲ့ နို့ထွက်ပစ္စည်းဆိုရင် အနံ့တောင် မခံနိုင်တဲ့ကျန်မက အဲ့ဒီ နို့မှုန့်တွေလည်း ဖျော်သောက်ခဲ့ပါတယ်။

မောနင်း ဆစ်ကနက်စ် ဆိုပေမယ့် ဖြစ်ချင်တဲ့ အချိန်ဖြစ်တတ်တာမို့ ကျန်မကတော့ မနက်ခင်းတွေဆို အကောင်း...။ ညနေခင်းဆို ပျို့တို့တို့ ဖြစ်လာပြီးတော့ နေမကောင်းစဖြစ်တော့တာပဲ။ အဲ့ဒီတုန်းက သစ္စာလမ်းအိမ် အပေါ်ဆုံးထပ်က ကျန်မတို့ အိပ်ခန်းနဲ့ တွဲလျက် အိမ်သာမှာ အန်လိုက်ရတာဆိုတာ ... ။

သူ့အဖေကလည်း ရေနွေးကြမ်းသောက်ရင် အအန်သက်သာတယ်ဆိုပြီး ရေနွေးကြမ်းနဲ့ ဆေးနဲ့ စောင့်နေတော့တာပဲ။ အဲ့ဒီလိုနဲ့ ပထမ ၁၂ ပတ်ပြီးတဲ့အခါမှာတော့ အန်တာကြီးက ယူပစ်သလို ပျောက်သွားပါလေရော။

သမီးအလှည့်ကျတော့ ကိုယ်ဝန်ရှိလောက်တယ်လို့ ထင်နေတာနဲ့ စစ်ကြည့်တော့ ပေါ့စတစ် ပြနေရော။ နောက်တခါ တံဆိပ်တစ်မျိုးနဲ့ စစ်ကြည့်တော့ မရှိဘူးဆို ပြပြန်ရော။ အဲ့ဒါနဲ့ပဲ ဆေးဆိုင်ပြေးပြီး ကိုယ်ဝန်စစ်တာတွေ ထပ်ဝယ်ပြီး သေချာအောင် တော်တော် စစ်ယူလိုက်ရတယ်။ နောက်တော့ မလင်းနဲ့ တိုင်ပင်ပြီး ဆေးရုံမှာ သွေးသွားဖောက်လိုက်ပြီးတော့ ကိုယ်ဝန်ရှိတဲ့ဆိုတဲ့ အဖြေကို ရခဲ့တယ်။

သမီးကိုယ်ဝန် စရှိတော့ ကျန်မတို့မှာ အိမ်ဝယ်ပြီးကာစ၊ ကားအသစ်တစ်စီးလည်း ထပ်ဝယ်ပြီးကာစ အစစပြည့်စုံနေတဲ့အချိန်လို့ ပြောရမယ်။ ကျန်မအနေနဲ့လည်း အလုပ်က ခွင့်ယူလို့ကောင်းတဲ့ ရာထူးကို ရောက်တဲ့အချိန်ဆိုတော့ အချိန်အခါလည်း သင့်တယ်ပေါ့။

ဒါပေမယ့် အလုပ်တဘက်နဲ့ ကိုယ်ဝန်ဆောင်ရတာ လွယ်တော့မလွယ်ခဲ့ဘူး။ အဲ့ဒီတုန်းက ကျန်မက ခွဲစိတ်ဌာနမှာ အပြီးသတ်လေးဆင်းပြီးတော့ မေ့ဆေးဌာနကို ပြောင်းရတဲ့အချိန်ပေါ့။ မနက်ခင်းပျို့တာ အန်တာတွေတော့ သိပ်မဖြစ်တော့ဘူး။ အလုပ်မှာလည်း ခွဲစိတ်ခန်းထဲက အိုင်အိုင် လို့ခေါ်တဲ့ ဓာတ်မှန်ရိုက်စက်ကို ရောင်ခြည်ထိမှာ စိုးလို့ ရှောင်ရတာတမျိုး၊ နိုက်ထရပ်စ်အောက်ဆိုက်နဲ့ မေ့ဆေးပေးတဲ့ကေ့စ်တွေဆို ရှောင်ရတာ တမျိုးနဲ့ နေစရာကို မရှိလောက်အောင်ပဲ။

ညနေညနေ အိမ်ပြန်ရောက်ရင်တော့ ပင်ပန်းလိုက်တာဆိုတာ၊ မေ့ဆေးအငွေ့တွေနဲ့ ထိလာရလို့လား၊ ကိုယ်ဝန်ကြောင့်လား မသိဘူး။ တကယ့်ကို မလှုပ်နိုင် မရှားနိုင်အောင် ဖြစ်တော့တာပါပဲ။ အဲ့ဒီလိုနဲ့ ပထမ ၁၂ ပတ်ကို မေ့ဆေးမှာပဲ အလုပ်လုပ်ရင်း ပြီးသွားတာပေါ့လေ။

Monday, 28 June 2010

အလုပ် အကြောင်း - ၃


အလုပ်စစ၀င်ချင်းတုန်းကတော့ လိမ့်ကာ ပတ်ကာပဲ။ အထူးသဖြင့် clinicတွေ ထိုင်ရတဲ့အခါ ကိုယ်က ဆရာဝန်လုပ်စားတာ အပါးမ၀သေးတော့ တော်တော် လန့်တာပေါ့။ အပြောအဆို အ၀င်အထွက် အနှုတ်အသိမ်းတွေက မတတ်ဘူးလေ။ အထာတွေကလည်း နားမလည်တော့ ဘာလုပ်ရမှန်းကို မသိတာ။ ပထမဆုံး ကလင်းနစ်က တခြားမြို့လေးတစ်မြို့မှာ...။ လေယာဉ်ပျံနဲ့သွားရတာ။ လေယာဉ်ပျံသေးသေးလေး စီးရမယ်ဆိုတော့ ပျော်တာပေါ့။ ခက်တာက ဟိုရောက်တော့ ဘာလုပ်ရမှန်း မသိတာပဲ။ တော်သေးတာက ဆေးကျောင်းသား ၂ ယောက်က ပါသေးတယ်။ သူတို့က ကိုယ့်အခြေအနေ မဟန်မှန်း သိသွားပြီး ... နည်းနည်းပါးပါး သင်ပေးတော့မှပဲ သဘောပေါက်သလိုလို ရှိတယ်။ အခုမှ ပြန်တွေးလိုက်ရင် အဲ့ဒီတုန်းက တော်တော်ကို အဖြစ်ဆိုးခဲ့တာပဲ။

အဲ့ဒီလိုနဲ့ လူနာကို နဖူးတွေ့ဒူးတွေ့ တွေ့ရမှာ ကြောက်တဲ့ ကျန်မက ဒုတိယမြောက် အလုပ်လုပ်ရတဲ့ ဌာနက အရေးပေါ်ပါ။ အရေးပေါ်ဆိုလို့ တချိန်လုံး သွေးသံရဲရဲတွေ၊ သေလုမြောပါးတွေ လာနေမယ်လို့ မထင်လိုက်ပါနဲ့။ ဂျီပီဆီသွားရမှာ အပွိုင့်မန့် မယူချင်လို့တို့၊ ဆေးစာလေးပဲ ရေးပေးပါတို့ အကုန်လုံး ကြည့်ရပါလေရော။ အစက အရေးပေါ်ဆရာဝန်တွေဘာတွေ လုပ်ချင်တဲ့စိတ်က အရေးပေါ်မှာလည်း အလုပ်လုပ်လိုက်ရော တစက်မှကို မကျန်တော့သလောက်ပဲ။ အဲ့ဒီမှာတော့ အော်စီရဲ့ နာမည်ကြီး royal flying doctors တွေကိုတော့ သေချာ တွေ့ဖူးသွားတာပေါ့လေ။

အရေးပေါ်ပြီးတော့ ခွဲစိတ်ဌာန၊ ဌာန အနေနဲ့က ကောင်းပါတယ်။ မကောင်းတာက အဲ့ဒီက ဘော့စ်ရဲ့ စက်ကထရီ အဖွားကြီးပဲ။ အားတိုင်းယားတိုင်း ပညာ လိုက်လိုက်ပြတာ။ ကျန်မမှာ ငို ရတယ်။ နောက်တော့လည်း ခင်တော့ သွားပါတယ်။ သူ့အကျင့်ကိုက အဲ့လိုဖြစ်နေတာ။ ခွဲခြားတဲ့စိတ်တွေလည်း ရှိမယ် ထင်တာပါပဲလေ။ ကိုယ်ကလည်း မနူးမနပ်ကိုး။

ဆရာဝန် လုပ်စားရတာ ခွေးလိုပဲလို့ သူငယ်ချင်းတွေနဲ့ ပြောဖြစ်တယ်။ အကောင်လေးငယ်တုန်းကတော့ ဟိုလူ့အမြီးနှံ့ပြ ဒီလူ့ အမြီးနှံ့ပြ လုပ်နေရတာ။ နည်းနည်း အကောင်ကြီးလာရင် ဂရီးဂရားနဲ့ မာန်ဖီလို့ရပြီ။ ဒါထက်ကြီးလာရင်တော့ ကိုက်ရုံပဲ။

အဲ့ဒီ စကက်ထရီအဖွားကြီးလည်း ကျန်မ မာန်ဖီလို့ရတဲ့ အရွယ်လောက်ရောက်တော့ အချိုးကို ပြေသွားတာပဲ။ လူတွေ... လူတွေ...။

နောက်တစ်ဌာနကတော့ ဒီဆေးရုံမှာ အကောင်းဆုံးလို့ ပြောကြတဲ့ ကလေးကု ဌာနပါပဲ။ လူနာကလည်း နည်းပြီး ဘော့စ်တွေကလည်း သဘောကောင်းတဲ့ ဌာနလို့ နာမည်ကြီးတာပေါ့။ ဒါပေမယ့် ကံဆိုးသူ ကျန်မမှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ... ကိုယ်အလုပ်လုပ်တဲ့ ၃ ပတ်မှာမှ ရွှေမြန်မာ တစ်ယောက်ရဲ့ အားရပါးရ လက်စွမ်းပြတာ ခံရပါလေရော။ ကျန်တဲ့သူတွေက ပေါင်းလို့သင်းလို့ ပြောလို့ဆိုလို့ အဆင်ပြေသလောက် ရွှေမြန်မာက အပီအပြင် ပညာပြတာ လူးလိမ့်နေအောင်ပါပဲ။ နောက်ဆုံး အတူတူလုပ်တဲ့ အော်စီ ကောင်လေးက ... နင်ခံရတာများနေပြီး ဘော့စ်ကို သွားတိုင်တော့ ဆိုပြီး ပြောတာနဲ့ပဲ ဘော့စ်သိအောင်တော့ ပြောခဲ့ရတာပေါ့။ မြန်မာ ၁ ယောက်ရှိလို့ အားကိုးရမလား မှတ်တယ်၊ ကျေးဇူးရှင်လုပ်မှ တနေ့တနေ့ အိပ်မပျော် စားမ၀င်ဖြစ်လိုက်တာ ဆိုတာ...။

အဲ့ဒါပြီးတော့ သားဖွားမီးယပ်၊ သိပ် မရှုပ်ထွေးလိုက်ဘူး။ အေးအေးဆေးဆေးနဲ့ ပြီးသွားတယ်။ လူကလည်း တဖြည်းဖြည်း လည်လာပြီလေ။

နောက်တစ်ခါ ဆေးကုသဆောင်၊ အလုပ်တွေကရှုပ်၊ လူနာတွေကများ ... ဒီကြားထဲမှာ ကိုယ့်ကို ဘာကြည့်မရဖြစ်နေမှန်း မသိတဲ့ ဘိုမ တစ်ယောက်နဲ့ ၂ ပါးသွားရသေးတယ်။

တခုကောင်းတာက ဒီက အသက်ကြီးတဲ့ အဖိုးကြီး အဖွားကြီးတွေကို သေချာ စောင့်ရှောက်တဲ့ စစ်စတမ်ကြီးကိုတော့ သိသွားတာပေါ့လေ။ ဘိုးဘွားရိပ်သာပို့ဖို့ အဖိုးကြီးတွေ အဖွားကြီးတွေနဲ့ ပြောရတာ၊ မိသားစုတွေနဲ့ ပြောရတာတွေက နေ့တိုင်းနီးပါးပဲ။ အဲ့လိုတွေ မြင်ရတော့ ရန်ကုန်မှာဆုံးသွားတဲ့ ကြီးမေကြီးကို သတိရတယ်။ ဒီမှာက အဖိုးကြီး အဖွားကြီး အသက်ကြီးလာရင် ချော်မလဲအောင်၊ သတိတွေဘာတွေ မေ့ရင်လည်း အနရယ်မဖြစ်အောင် စသဖြင့် ဂရုစိုက်ကြတာ မဟုတ်လား။ ရန်ကုန်မှာတော့ အဲ့လောက်လည်း ဂရုမစိုက်နိုင်၊ ကြာလာတော့ အိမ်သားတွေလည်း ခြေကုန်လက်ပန်းကျကုန်ပြီး အားလုံးစိတ်မကောင်းဖြစ်ရတာမျိုးတွေ ဖြစ်ကုန်တာပေါ့။

အဲ့ဒီလိုနဲ့ လုံးလည်ချာလည် လိုက်ရင်း အလုပ်ထဲမှာ ပထမ တစ်နှစ်ကိုတော့ အောင်မြင်စွာ ဖြတ်ကျော်ခဲ့တယ်ပေါ့လေ။
ဓာတ်ပုံကတော့ ဆေးကုသဆောင်က လူနာတစ်ယောက်ကို lumbar puncture ဖောက်နေတဲ့ပုံပါ။ Med Reg က ရိုက်ပေးထားတာ။ အမှတ်တရ ဖြစ်အောင် ဒီမှာ တင်ထားလိုက်ပါတယ်။

Friday, 25 June 2010

ဦးကြာစိုးနှင့် သူ၏သူကောင်းမျိုးအနွယ်အဆက်


ဦးကြာစိုးနှင့် သူ၏သူကောင်းမျိုးအနွယ်အဆက်

စာရေးသူသည် ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း အမှတ်(၂၃၆)
(ဇူလိုင် ၂၀၀၉)တွင် ဦးကြာစိုးနှင့် နန်းစဉ် မိဖုရား ဆောင်းပါးကို ရေးသားခဲ့သည်။





ဆောင်းပါး၏ အဆုံးတွင်၊ စာရေးသူနှင့် ငယ်သူငယ်ချင်း ဖြစ်ခဲ့သည့် ပါစီချစ်ဖေ(အငြိမ်းစားသံအမတ်ကြီး ဦးကြာညိုချစ်ဖေ)သည် သူကောင်း ဦးကြာစိုး၏ မြေးဖြစ်ကြောင်း ရေးခဲ့ပါသည်။ သူကောင်းဦးကြာစိုး၏ သမီးမှာ
သူကောင်းဒေါ်ခင်စိန်ဒိုင် (အိုင်စီအက်စ် ဦးချစ်ဖေ၏ဇနီး)သည် ပါစီချစ်ဖေ၏ မိခင်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ သြဂုတ်လက စာရေးသူ ရန်ကုန်အိမ်၌ ရှိစဉ် သူငယ်ချင်း ပါစီချစ်ဖေသည် စာရေးသူအား ဖုန်းနှင့် ဆက်သွယ်ပါသည်။ သူ့မိခင် သူကောင်းဒေါ်ခင်စိန်ဒိုင်၏မောင်ဖြစ်သော သူ၏ဦးလေး သူကောင်း ဦးစိန်ရိုးအား ခေါ်၍ စာရေးသူ အိမ်သို့ လာတွေ့မည်ဖြစ်ကြောင်း ပြောသည်။ စာရေးသူကလည်း ၀မ်းမြောက် ၀မ်းသာစွာ တွေ့ချင်လှကြောင်း ဖြေလိုက်ပါသည်။ ချိန်းဆိုသောနေ့တွင် ပါစီချစ်ဖေသည် သူ၏ဦးလေး သူကောင်း ဦးစိန်ရိုးနှင့်အတူ ရောက်လာကြသည်။ သူကောင်း ဦးစိန်ရိုးနှင့် သူကောင်းမ ဒေါ်လေးလေးတို့၏သမီး ဒေါက်တာ ကြော့မှူးအောင်(ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသန ဌာနမှူး ပါမောက္ခ)လည်း ပါလာသည်။ ဒေါက်တာကြော့မှူးအောင်ကို တက္ကသိုလ် အသိုင်းအ၀ိုင်းမှ စာတမ်း ဖတ်ပွဲများတွင် စာရေးသူ ဆုံဖူးသည်။

သူသည် သူကောင်းမျိုးဖြစ်သည် ဆိုသည်ကိုလည်း ကြားရဖူးပါသည်။ သို့သော် သူကောင်း ဦးစိန်ရိုး၏ သမီး ဖြစ်သည်ကိုကား မသိခဲ့ပါ။
ပါစီ၏ဦးလေး သူကောင်း ဦးစိန်ရိုးမှာ သူကောင်း ဦးကြာစိုး၏ သားဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် သူကောင်း ဦးစိန်ရိုးသည် စာရေးသူ ပင်တိုင် ဆောင်းပါး ရေးနေသော သူရဇ္ဇမ ဂ္ဂဇင်းတွင် ကိုလိုနီခေတ် မြို့အုပ်ကြီးတစ်ဦး မှတ်တမ်းကို အခန်းဆက် ပင်တိုင် ရေးနေသော စာရေးဆရာ “အနောက်တံခါးမှူး မောင်မှူး” ဆိုသူဖြစ်နေပါသည်။ သူ၏ဖခင် သူကောင်း ဦးကြာစိုး မြို့အုပ်ကြီး ဘ၀က မှတ်တမ်းများ အပေါ် အခြေခံ၍ ဆောင်းပါးများ
ရေးနေခြင်းဖြစ်သည်။ စာရေးသူ အမြဲပင် ဖတ်ပါသည်။ သို့သော် စာရေးဆရာ အနောက်တံခါးမှူး မောင်မှူး ဆိုသည်မှာ သူကောင်း ဦးစိန်ရိုးမှန်း မသိပါ။ ယခုမှ ပင် သိရတော့သည်။

ငယ်သူငယ်ချင်း ပါစီချစ်ဖေနှင့် တွေ့ဆုံရသော အခါ စာရေးသူ ရေးသည့် သူကောင်း ဦးကြာစိုးနှင့် နန်းစဉ်မိဖုရား ဆောင်းပါးအကြောင်းကိုပင် ဆွေးနွေး ဖြစ်ကြသည်။ စာရေးသူက ၎င်းင်းဆောင်းပါးတွင်...
“ဦးကြာစိုး အတွက် နန်းစဉ်မိဖုရား အသစ် ရှာပေးရ၊ မပေးရကို စဉ်းစားရန် ချန်ထားခဲ့ပါသည်”
ဟု ရေးသားခဲ့သည့် အကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ သူငယ် ချင်းပါစီချစ်ဖေက...

“ဒီကိစ္စနှင့် ပတ်သက်လို့ Version (မူကွဲ)နှစ်မျိုး ဖြစ်နေတယ်။ တစ်မူက အဘိုး ဦးကြာစိုး ရှေ့မှ မြို့ပိုင် ဦးဘတူက သူ့ရဲ့နန်းစဉ် မိဖုရားကို တစ်ပါတည်းခေါ် သွားတဲ့အခါမှာ အဘိုး ဦးကြာစိုး အတွက် နန်းစဉ်မိဖုရား အသစ် ရှာမပေးရတော့ဘူး ဆိုတဲ့ မူနဲ့၊ နောက်တစ်မူက အဖိုးဦးကြာစိုး မမာလို့ နန်းစဉ် မိဖုရားအသစ် ရှာပေးရပေမယ့် ပြုစုဖို့၊ သူနာပြု အဆင့်ပဲ ရှိကြောင်း၊ ကျန်းမာသွားတဲ့ အခါမှာ ဒီအလေ့အထကို ဖျောက်ဖျက်လိုက်တော့လို့ ပြောခဲ့တယ် ဆိုတဲ့ မူကွဲတို့ပဲဖြစ်တယ်”
ဟု ပြောခဲ့ပါသည်။

စာရေးသူက...
“ကြည့်ရတာ သူကောင်းဦးကြာစိုး ရှေ့က မြို့ပိုင် ဦးဘတူဟာ သူ့ရဲ့နန်းစဉ် မိဖုရားကို တစ်ပါတည်း ခေါ်သွားတဲ့ အခါမှာ သူကောင်း ဦးကြာစိုး ရောက်လာတော့ နန်းစဉ်မိဖုရား ရှာမပေးရတော့ဘူး။ ဒါပေမယ့် မမာတော့ ပြုစုတဲ့သူ မရှိလို့ ယာယီ နန်းစဉ်မိဖုရား ရှာပေးရပုံ ရတယ်။ ဒါပေမယ့် သူနာပြုအဆင့်ပဲ ရှိပြီး ကျန်းမာသွားတဲ့ အခါမှာ ဆက်မထားတော့တဲ့ ပုံပဲ။ သူ ကောင်း ဦးကြာစိုးကလည်း သူကစလို့ ဒီနန်းစဉ် မိဖုရားထားတဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်လိုက်ပုံရတယ်”
ဟု ပြောခဲ့ပါသည်။

စာရေးသူကပင် ဆက်၍...
“ဒေါ်အုန်းကြည်ရဲ့ စလင်းသူကောင်း သမိုင်း အကျဉ်းမှာ စလင်းမြို့နယ် သူကောင်းတွေဟာ မြေပိုင်ရှင်ကြီးများ ဖြစ်ကြောင်း၊ သူကောင်းတစ်ဦး ဖြစ်တဲ့ ဦးအန်ထော်နီ ဆိုသူဟာ မြေဧကပေါင်း တစ်သိန်းကျော် (၁၁၅၉၂၉)ပိုင်ဆိုင်ကြောင်း ရေးထားတာ တွေ့ရပါတယ်။ သူကောင်း ဦးအန်ထော်နီဆိုတော့ သူကောင်းတွေထဲမှာ တိုင်းတစ်ပါးသားတွေလည်း ရှိလား”

ဟု သူကောင်းဦးစိန်ရိုးအား မေးခဲ့ပါသည်။ ဦးစိန်ရိုးက ပြုံး၍ -
“ဦးအန်ထော်နီဆိုတာ ကျွန်တော့်အဘိုး ဦးအေးရဲ့အဖေပါ ပဲ။ မြန်မာ စစ်စစ်ပါ။ ဦးအန်ထော်နီရဲ့သားက ဦးအေး၊ ဦးအေး ရဲ့သားက သူကောင်းဦးကြာစိုး။ ကျွန်တော့်အဖေပေါ့”ဟု ပြောပါသည်။

စာရေးသူက...
“ဒါဖြင့်ရင် ဘာဖြစ်လို့ နာမည်က ထူးထူးခြားခြား တိုင်းတစ်ပါးသား နာမည် ဖြစ်နေရတာလဲ”
ဟု မေးခဲ့ပါသည်။

သူကောင်းဦးစိန်ရိုးက...
“ဦးအန်ထော်နီရဲ့ဇနီးဟာလည်း မယ်အန်ထော်နီလို့ပဲ ခေါ်ပါတယ်။ ဦးအန်ထော်နီက မယ်အန်ထော်နီ အဖေရဲ့အစ်မက မွေးတာ၊ ဦးအန်ထော်နီ့ အဖေက “မုံး”နားမှ ကန္နီမြို့သူကြီး သူကောင်းမျိုးပဲ။ မယ်အန်ထော်နီရဲ့အဖေကတော့ လယ်ကိုင်း မြို့သူကြီး သူကောင်း ဦးထွန်းဦးဖြစ်တယ်။ ဦးထွန်းဦးဟာ ချမ်းသာပတိ ဘွဲ့ရတယ်။ မွန်အရေးတော်ပုံမှာ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းလို့ (၁၄)ကျပ်သားရှိတဲ့ ရွှေဖလားကို ဘုရင်က ဆုတော်လာဘ်တော်ချခဲ့ပါတယ်။ ဒီရွှေဖလားဟာ ကျွန်တော်တို့ လက်ထက်ရောက်တဲ့ အထိ ရှိပါသေးတယ်။ ကျွန်တော့်အစ်မ ဒေါ်ခင်စိန်ဒိုင်က သိမ်းထားတယ်။ ကန္နီမြို့သူ ကြီးက သားကလေး မွေးပြီး လယ်ကိုင်းမြို့သူကြီး ဦးထွန်း ဦးက သမီးကလေး မွေးတယ်။ သူတို့ သမီး ယောက်ဖဖြစ်တဲ့ သူကောင်းကန္နီမြို့ သူကြီးနဲ့ သူကောင်းလယ်ကိုင်းမြို့သူကြီးတို့ နှစ်ယောက်ဟာ နေပြည်တော်ကို သွားပြီး သားသမီးမွေးတဲ့ အကြောင်း လျှောက်ထားရတယ်။ သူကောင်းမျိုး ရွှေတိုက်စာ ရင်းမှာ အမည်သွင်းရတယ်။ အဲဒီအခါမှာ မိဖုရားကြီးက ဒီ ကလေး ၂ ယောက် ကြီးလာရင် လက်ဆက်ပေးလိုက်လို့ မိန့်တော်မူတယ်။ မိဖုရားကြီးနားမှာ ခစားနေတဲ့ အကောက်ဝန် အန်ထော်နီဆိုတာရှိတယ်။ ဒါကြောင့် ကလေး ၂ ယောက် အမည်ကိုလည်း မောင်အန်ထော်နီနဲ့ မယ်အန်ထော်နီလို့ မှည့်စေ လိုက်တယ်”
ဟု ပြောပြခဲ့ပါသည်။

မှတ်ချက်။ (ကျက်သရေဆောင် ရွှေစလွယ်ရမင်း ဦးမောင် မောင်တင်(၁)၏ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး (တတိယတွဲ) စာမျက်နှာ(၁၁၁) နောင်တော်က ညီတော်မင်း တုန်းမင်းကို နန်းလွှဲခြင်း စသည်နှင့် အင်္ဂလိပ်က အောက်မြန်မာ ပြည်ကို သိမ်းယူခြင်း အခန်း၌...
“ယင်းသည့်နေ့ အထက် စစ်ကိုင်းမြို့တပ်မတော်က ကျောက်မော် မြို့စားဝန်ကြီး သတိုးမင်းကြီးမဟာမင်းလှသီဟ သူသို့၊ အတွင်းစကား မှာထားရှိသည့် အတိုင်း၊ အလုံမြို့ အတွင်း ကိုယ်ရံတော်၊ အမှုထမ်းတို့နှင့် တိုင်ပင် စည်းကြပ်ပြီးလျှင်၊ ၀န်ကြီး၊ အတွင်းဝန်၊ ၀န်ထောက်တို့ အစုံအညီ နံနက်ညီ လာခံကွဲ၊ လွှတ်တော်သို့ အစုတွင် ရေနံချောင်းမြို့စား ကျီဝန်၊ ၀န်ကြီးငပွား၊ အတွင်းဝန် ငပို၊ ငပုတ်စည်၊ ၀န်ထောက် ငထော်နီ၊ ငရွဲတို့နှင့် ၀န်စု၊ မှူးမတ်၊ မြို့စီးပြစီးအရာရှိတို့ကို ချည်နှောင် ဖမ်းဆီးရှိနေသည့် အတွင်း”ဟု ပါရှိသည်။


သို့ဖြစ်၍ အန်ထော်နီဆိုသူမှာ ပုဂံမင်း လက်ထက်မှ အကောက် ၀န်ထောက်ဖြစ်ပြီး သူကောင်းဦး စိန်ရိုးပြောသည့် မိဖုရားကြီး ဆိုသူမှာ ပုဂံမင်း၏ မိဖုရားကြီး ဖြစ်ကာ အကောက်ဝန်ထောက် အန်ထော်နီ၏ အမည်ကို ရွှေတိုက် စာရင်းသွင်းကလေး ၂ ယောက်အား မှည့်ခေါ်စေ ခြင်း ဖြစ်ပုံရသည်။)
သူကောင်းဦးစိန်ရိုးက ဆက်၍ပြောပါသည်...
“ ဦးကြာစိုးအမေဘက်ကလည်း စလင်းမြို့သူကြီး သူ ကောင်းမျိုးပါပဲ။ ဦးကြာစိုး အဘွား မယ်အန်ထော်နီ အမေဘက် ကလည်း စလင်းမြို့သူကြီးမျိုးပါပဲ”
သူကောင်းဦးစိန်ရိုး ပြောပြချက်အရ စလင်း မြို့သူကြီးရိုး တို့သည် ရိုးရာ အကြီးအကဲ ဖြစ်သကဲ့သို့ ဘုရင်က သူကောင်း ပြုခံရသူများလည်း ဖြစ်ပါသည်။ စလင်း ဒေသသည် ပုဂံခေတ် ကတည်းက လူနေစည်ကား နေပြီ။ နရပတိစည်သူမင်း လက်ထက်တွင် စလင်း ဒေသ၌ မြို့တည်ထောင်ကာ ကန်၊ ချောင်း၊ ဆည်၊ မြောင်းများ ဖော်ထုတ်၍ ရှေးကထက် ကြီးပွား စည်ပင်အောင် စီမံ ဆောင်ရွက်ခဲ့သည်။

ရှေးအခါက စလင်းမြို့ သူကြီး၏ ဆွေမျိုးများတွင်သာ သူကောင်းနှင့် အမည်ကို တွဲလျက်သုံးခြင်း တွေ့ရသည်။ စလင်း သူကောင်းများ၏ အဓိက “ ရိုး ”သည် မြို့သူကြီးပင် ဖြစ်သည်။ နောင်အခါမြို့သူကြီး ၄ ရိုးဖြစ်လာပြီး ၎င်းင်းအဆက် အနွယ်များမှာ သူကောင်းများပင်ဖြစ်သည်။ တစ်ရိုးနှင့်တစ်ရိုး သားပေး သမီးယူ လက်ဆက်ခြင်း ပြုခဲ့ကြသည်။ စလင်းမြို့ သူကြီးတို့၏ မိသားစု အားလုံးသည် ယေဘုယျအားဖြင့် သူကောင်းရိုး ဖြစ်ကြသော်လည်း မိသားစုဝင် အားလုံးကိုမူ “သူကောင်း” ဟူ၍ သုံးနှုန်း ခေါ်ဆိုခြင်း မရှိကြပါ။ သူကောင်းနှင့် အမည်တွဲ၍ ခေါ်သော ပုဂ္ဂိုလ်ပေါင်းသည် ခရစ်နှစ် ၁၇၇၂ ခုမှ ၁၉၀၁ ခုနှစ်အတွင်း ၃၆ ဦးသာ တွေ့ရပါသည်။ သူကောင်းရိုး ၆ ရိုးအထိ ဖြစ်လာသည်။ စလင်းမြို့သူကြီးရိုး၊ တောင်စဉ်ရိုး၊ ခိုင်စာရိုး၊ မဟာသမန်းရိုး၊ ပြည်စိုးရိုးနှင့် အပြင်ရိုးတို့ဖြစ်သည်။ ပင်ရင်း သူကောင်းရိုးမှာ စလင်းမြို့ သူကြီးရိုးဖြစ်၏။

အထက်က ဖော်ပြခဲ့သော ပြည်စိုးရိုးတွင် ၂ ရိုးရှိခဲ့သည်။ တောင်ပြည်စိုးရိုးနှင့် မြောက်ပြည်စိုးရိုး ဟူ၍ ဖြစ်သည်။ သို့သော် တောင်ပြည်စိုးရိုးကိုသာ သူကောင်းရိုးများတွင် တွေ့ရှိရသည်။ မြောက်ပြည်စိုးရိုးကိုမူ မတွေ့ရတော့ချေ။ သူကောင်း မျိုးများနှင့် သွေးရော ပျောက်ကွယ်သွားခြင်း ဖြစ်ပုံရသည်။ “အပြင်ရိုး ”ဆိုသည်မှာ ရိုးရာ အကြီးအကဲ မဟုတ်သူများ၊ ရိုးရာ အကြီးအကဲဖြစ်သော်လည်း စလင်းနယ် အတွင်းမှ မဟုတ်သော သူကောင်းတို့နှင့် လက်ဆက်ခဲ့သူများကို ခေါ်သည်။

ပခန်း၊ လောင်းရှည်၊ ဖားအိုင်၊ ပတိမ်း၊ စကု၊ စေ တုတ္တရာ စသည့်နယ်များတွင် သူကောင်းမျိုးများ ပျံ့နှံ့နေပါ သည်။ လောင်းရှည်မြို့သည် ဆော၊ ယောနယ်အတွင်း ရှိလင့် ကစား စလင်းမြို့သူကြီးရိုး ဖြစ်သော စလင်း သူကောင်းတို့နှင့် ဆက်စပ်လျက် ရှိပေသည်။ စလင်းမြို့ သူကြီးရိုးထဲမှ လောင်း ရှည်သို့ သွားရောက်၍ မြို့သူကြီးအရာ ထမ်းဆောင်ရသော အစဉ်အလာ ရှိခဲ့သည်။ လောင်းရှည်မြို့သူကြီး အရာ ထမ်းရသော မြို့သူကြီးတို့ထဲမှ အချို့သည် နေပြည်တော်၌ ရွှေဖ၀ါး တော်အောက်တွင် ဘုရင်မင်းမြတ်ထံ အနီးကပ် တာဝန်ထမ်း ဆောင်ကြရသည်။ သူကောင်း ဦးလူတုတ် ဆိုသူမှာ လောင်းရှည် မြို့သူကြီးဖြစ်သော်လည်း နန်းတော်ထဲတွင်သာနေရသည်။ လက်ဖက်ရည်တော် အဖြစ် ထမ်းဆောင် ရသည်ဟု ဆိုသည်။ နန်းတွင်း၌ အမှုတော် ထမ်းနေစဉ် လောင်းရှည်မြို့ကို ကြပ်မတ် အုပ်ချုပ်မည့်သူ ရှိရန် လိုအပ်လာသော အခါ လောင်းရှည်မြို့၌ “အစီရင်ကြီး” အရာ ထမ်းဆောင်ရသူက မြို့သူကြီး ကိုယ်စား အုပ်ချုပ်ရသည်။ လောင်းရှည်မြို့တွင် ထိုအစီရင်ကြီးက မြို့၏ တာဝန်ကို ယူရသည်။ အုပ်ချုပ်ရေး တာဝန်ကိုလည်း ယူရသည်။ ၎င်းင်းအောက်တွင် “ ကြေးခိုင်ကြီး ”ဆိုသူရှိ၏။ ထိုသူက မင်းမှုရေးရာ ငွေကြေးတို့ကို စိုက်ထုတ် တာဝန်ယူရသည်။

စာရေးသူက ဦးအန်ထော်နီအကြောင်းကို ဆက်မေး သည်။ သူကောင်းဦးစိန်ရိုးက...
“ဦးအန်ထော်နီဟာ ရှမ်းပြည်နယ်မှာ သူပုန်ထလို့ ဘုရင့် တပ်တော်နဲ့ အတူ သွားတိုက်ရပါတယ်။ အောင်မြင်လာတဲ့ အတွက် “သီရိဝဏ္ဏကျော်ခေါင်” ဘွဲ့ရတယ်။ ဘုရင်ကပေးတဲ့ ငွေဓားဆုကိုလည်း ရတယ်။ ကသာမြို့ဝန် အဖြစ် ခန့်အပ်ခြင်း ခံရတယ်။ သူလည်း နေပြည်တော်မှာပဲ နေရတယ်လို့ ဆိုတယ်”

စာရေးသူက၊ သူကောင်းဦးစိန်ရိုးကို...
“မင်းတုန်း မင်းတရားကြီးဟာ တွင်းစားရိုး ဖြစ်တဲ့ ရေနံ ချောင်းဝန်ကြီးဦးစိုရဲ့သမီး၊ မှန်နန်းအပျိုတော် မမခင်ကိုကောက် ပြီး မိဖုရားအရာမြှောက်လို့ ကြေးမြှင် မိဖုရားလို့ ဖြစ်လာတယ်။ သားတော် ပျဉ်းမနား မင်းသားကို မွေးတယ်။ ဒီတော့ မင်းတုန်း မင်းတရားကြီးက သူ့သားတော်ဟာ တွင်းစားရိုး ဖြစ်လာပြီလို့ ထင်နေတယ်။ ဒါပေမယ့် တွင်းစားရိုးမှာ ထဘီစ (မိန်းမမျိုး ရိုး)နဲ့ ပုဆိုးစ (ယောက်ျားမျိုးရိုး)လို့ ရှိတော့၊ ကြေးမြှင်မိဖုရားဟာ ထဘီစဖြစ်လို့ ပျဉ်းမနားမင်းသား တွင်းစားရိုး ဖြစ်မလာ ဘူး။ ဒါ့ကြောင့် မင်းတုန်းမင်းတရားကြီးက ရေနံချောင်းဝန် ကြီးကို သူ့သားတော်အတွက် ရေနံတွင်းတွေ လက်ဖွဲ့ခိုင်း တယ်။ သူကိုယ်တော်တိုင်လည်း “တော်တွင်း” လို့ ခေါ်တဲ့ ရေနံတွင်းအသစ်တွေ ရှာခိုင်းတယ်။ ဒါပေမယ့် ပျဉ်းမနားမင်း သားဟာ “တွင်းရိုး” ဖြစ်မလာဘူး။ “တွင်းစား” ပဲ ဖြစ်လာတယ်”
ဟု ပြောပြပြီး...

“ သူကောင်းရိုးထဲမှာရော ဘုရင်က မိဖုရားမြှောက်တာ ရှိလား”
ဟု မေးခဲ့ပါသည်။

ဦးစိန်ရိုးနှင့်သမီး ဒေါက်တာကြော့ မှူးအောင်တို့က...
“ဆင်ဖြူရှင်မင်းတရားလက်ထက်မှာ တောင်စဉ်ရိုး သူကောင်းဖြစ်တဲ့ တောင်စဉ်မင်းကြီး စက္ကရာဇ် ဦးဖျော်ရဲ့သမီး မဦးလေးကို မိဖုရား မြှောက်တယ်လို့ ကြားရဖူးပါတယ်။ ဒါပေမယ့် ယိုးဒယား(ထိုင်း)ကို သွားတိုက်ပြီး အပြန်မှာ၊ သူကောင်းမ မဦးလေးကို မင်းရာဖူး ဆိုသူနဲ့ ပေးစားပြီး စလင်းကို ပြန်အုပ် ချုပ်ခိုင်းတယ်လို့ ဆိုတယ်။ ရတနာ့ မဉ္စူဘုရားကိုလည်း ကိုးကွယ်ဖို့ ပေးလိုက်သတဲ့”
ဟုပြောပြကြပါသည်။

ပါမောက္ခဒေါက်တာ ကြော့မှူး အောင်က...
“ကျွန်မတို့ ဘေးမ၊ ဘီမကြီးတွေဖြစ်တဲ့ သူကောင်း မကြီးတွေဟာ မိဖုရားနဲ့သမီးတော်တွေသာ ၀တ်ဆင်ရတဲ့ ရွှေချည်ထိုး အစစ် ချိတ်ထဘီတွေကိုတောင် ဘုရင်က ပေးသနားလို့ ၀တ်ခဲ့ရတယ်လို့ ဆိုပါတယ်”
ဟု ၀င်၍ ပြောပြခဲ့ပါသည်။

စာရေးသူ၏သူငယ်ချင်း ပါစီချစ်ဖေ(အငြိမ်းစားသံအမတ်ကြီး ဦးကြာညိုချစ်ဖေ)က လည်း...
“စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကံဇော်ရဲ့ဘေး သူကောင်းဦးညိုဆိုတာ စလင်းရဲ့ နောက်ဆုံးမြို့သူကြီး လို့ဆိုပါတယ်။ ဗြိတိသျှခေတ်မှာ မြို့သူကြီး အလုပ်က ထွက်ခဲ့ သတဲ့။ ဦးညိုရဲ့ညီ ဦးဖိုးဦးကတော့ ပဲ့နင်းကြီး အဖြစ်နဲ့ မင်းလှခံ တပ်တိုက်ပွဲမှာ ကျသွားတယ်လို့ ကြားဖူးတယ်။ ဦးအန်ထော်နီ နဲ့ မယ်အန်ထော်နီတို့မှာ ဦးအေးနဲ့ဦးပန်ဆိုတဲ့ သား ၂ ယောက်ရှိတယ်။ ဦးအေးက ကိုယ်တို့အဘိုး ဦးကြာစိုးကို မွေးတယ်။ ဦးပန်က၊ သူကောင်းမ ဒေါ်ရေး၊ သူကောင်းမ ဒေါ်ရနဲ့ သူ ကောင်းမ ဒေါ်မဆိုတဲ့ သမီး ၃ ယောက်ကို မွေးတယ်။ ဒေါ်မက၊ ကိုယ့်ရဲ့ဦးလေး ဦးစောမောင်(ပွင့်ဖြူအမတ်)နဲ့ အိမ် ထောင်ကျလို့ ဒေါက်တာကံဇော်ကိုမွေးတာ။ ဒါကြောင့် ဒေါက် တာကံဇော်ဟာ သူ့အမေဘက်က ကိုယ့်ဦးလေးတော်ပြီး သူ့ အဖေဘက်ကတော့ ကိုယ်နဲ့ ၀မ်းကွဲညီအစ်ကိုတော်တယ်”
ဟု ပြောပြပါသည်။

စာရေးသူက ပါတော်မူပြီးတဲ့နောက် နယ်ချဲ့ဗြိတိသျှခေတ်မှာ အင်္ဂလိပ်ကို လက်နက် စွဲကိုင်ပြီး တိုက် ပွဲဝင်ခဲ့သည့် မျိုးချစ်တော်လှန်ရေး သမားတွေထဲမှ ဦးဥတ္တမ ဆိုသူနှင့် ဦးအန်ထော်နီတို့ အကြောင်းကို အနည်းငယ် ကြားဖူးသည်။ ဗြိတိသျှတို့ မန္တလေးမြို့တော်ကို သိမ်းသည့် အခါမှာ ညောင်ပင်ဆိပ် ရွာသား ဦးဥတ္တမ ဆိုသည့် ရဟန်းတော်သည် လူထွက်ပြီး လက်နက် စွဲကိုင်ကာ နယ်ချဲ့အား တော်လှန်ခဲ့သည်။ ဗိုလ်ဥတ္တမဟု ဖြစ်လာ၏။ မျိုးချစ်များစွာတို့လည်း ၎င်းင်း၏ လက်အောက်တွင် စုရုံး ရောက်ရှိလာကြသည်။ ဦးဥတ္တမ တပ်ဖွဲ့များသည် စကုရှိ ဗြိတိသျှ အခြေစိုက် တပ်စခန်းကို ၀င်ရောက်တိုက်ခိုက်ရာ စကုကို သိမ်းပိုက်နိုင်ခဲ့သည်။ စလင်းနှင့် ဆင်ဖြူကျွန်းကို တိုက်ခိုက်ပြန်ရာ ဗြိတိသျှ အရာရှိ ကက်ပတိန် ဒန်းစ်ဖို့ဒ်ဆိုသူ ကျဆုံးခဲ့သည်။ ဦးဥတ္တမ၏ အင်အားသည် (၅၀၀၀)ခန့်ပင်ဖြစ်လာရာ ဗြိတိသျှတို့ဘက်မှ စစ်ကူများ ဆင့် ခေါ်ခဲ့ကြရသည်။ ဗြိတိသျှအရာရှိ မေဂျာဒတ်ကင်ဆန် ဆိုသူ လည်း ကျဆုံးခဲ့ရသည်။ စကု၊ စလင်း၊ စေတုတ္တရာ၊ ရွှေပန်း မြိုင်နှင့် မြတ်လေးတောင် တိုက်ပွဲ အားလုံးမှာ သမိုင်းတွင်သော တိုက်ပွဲများဖြစ်၏။

စေတုတ္တရာ တိုက်ပွဲတွင် ကက်ပတိန်ရန် ဒယ်လ်ဆိုသူ ကျဆုံးခဲ့ရပြန်သည်။ ဦးဥတ္တမ၏ နယ်ချဲ့ဆန့်ကျင် ရေးလှုပ်ရှားမှုမှာ ၃ နှစ်ကျော်မျှကြာသည်။ နယ်ချဲ့အား မျက် ဖြူဆိုက်စေခဲ့သော တော်လှန်ရေး အင်အားစုဖြစ်၏။ နောက်ပိုင်း တွင် ဦးဥတ္တမ၏ တပ်ဖွဲ့ဝင်အင်အား နည်းပါးလာသည်။ ထို့ကြောင့် ဗြိတိသျှတို့က ဦးဥတ္တမအားဖိ၍ လိုက်လံ တိုက်ခိုက်သည်။ လယ်ကိုင်း၏ အနောက် တောင်ဘက်ရှိ တောတွင်း၌ ပုန်းအောင်းနေရသည်။

စာရေးသူက ဦးဥတ္တမနှင့် ဦးအန်ထော်နီတို့အကြောင်းကို ဆက်၍မေးသည်။ ဦးစိန်ရိုးက...
“ဒေါက်တာကံဇော်ရဲ့အဘိုး ဦးပန်ဟာ ဦးဥတ္တမရဲ့ဓားကို ရတယ်လို့ဆိုတယ်။ ဦးအန်ထော်နီရဲ့ယောက္ခမ ဦးထွန်းဦးက ဦးဥတ္တမ၊ ပန်းဆေးကန် ဆရာတော်တို့နဲ့ လယ်ကိုင်းမှာ စာသင် ဖက်တဲ့။ ဒါကြောင့် ဦးထွန်းဦးက ဦးဥတ္တမနဲ့ ပန်းဆေးကန် ဆရာတော်တို့ရဲ့ ဆွမ်း၊ ကွမ်းကို ထောက်ပံ့ခဲ့တယ်။ ဦးအန် ထော်နီဟာ နန်းတွင်းကို ရောက်နေပေမယ့် ဦးဥတ္တမနဲ့လည်း အလွန် ခင်တယ်လို့ ဆိုပါတယ်။ ဗြိတိသျှ လက်ထက် ရောက်လာတော့ ဦးထွန်းဦးက ဦးဥတ္တမကို မထောက်ပံ့ရဲတော့ဘူး။ သူ့သားမက် ဦးအန်ထော်နီကိုပဲ ထောက်ပံ့ခိုင်းသတဲ့။ ဦးဥတ္တမ ဟာ ဦးအန်ထော်နီကို ဖမ်းသွားတဲ့ အခါမှာ သတ်ခါနီးကျမှ ဦးအန်ထော်နီက ထွက်ပြေးလာပြီး လယ်ကိုင်းကို ရောက်လာသတဲ့။ အချို့က ဗိုလ်ဥတ္တမကပဲ တစ်ဖက်လှည့်နဲ့ လွှတ်ပေး လိုက်တာလို့လည်း ပြောကြတယ်။

ဗြိတိသျှတပ်တွေရဲ့ လှုပ်ရှားမှုကို ဦးဥတ္တမ ဘက်က အမြဲပဲ ကြိုသိနေပြီး ချုံခိုတိုက်လို့ အင်္ဂလိပ်တွေ အထိနာခဲ့တယ်။ ဒီလို ဦးဥတ္တမတို့ ဘက်က သတင်း ကြိုသိနေတာတွေဟာ ဦးအန်ထော်နီက သတင်းပေး လို့ဆိုပြီး စွပ်စွဲကြတယ်။ ဒါပေမယ့် ဦးဥတ္တမဟာ အခြေအနေ အရ တပ်ပျက်ပြီး မမာတဲ့ အခါမှာ ဦးအန်ထော်နီကပဲ လယ်ကိုင်း အနောက်တောင်ဘက် တောတွင်းမှာ ၀ှက်ထားပေးပြီး ဆေးကု ပေးနေတယ်။ ဦးဥတ္တမရဲ့မွေးစားသားကြာညိုဆိုသူကို အင်္ဂလိပ် တွေဖမ်းမိသွားတော့ အဲဒီ မွေးစားသားက သတင်းပေးလို့ ဦးဥတ္တမကိုဖမ်းဖို့ တပ်ချီလာတဲ့အခါမှာ ဦးအန်ထော်နီ ဒုက္ခရောက်တော့မယ်ဆိုတာကို ဦးဥတ္တမကသိလို့ ဦးအန်ထော်နီ ကိုပဲ အဖမ်းခိုင်းပြီး အင်္ဂလိပ် အရေးပိုင်ကို အပ်စေတယ်လို့ ဆိုတယ်။ ဒါပေမယ့် အများအမြင်မှာတော့ ဦးဥတ္တမကို ဦးအန် ထော်နီက ဖမ်းပေးတယ်လို့ ဖြစ်သွားတာပေါ့။ အင်္ဂလိပ်အရေး ပိုင်ဟာ ဦးဥတ္တမနဲ့ ဦးအန်ထော်နီတို့ဟာ တစ်ဦးချင်း၊ တစ်ယောက်ကို တစ်ယောက် တိုက်ပြီး ဖမ်းပေးတယ်ဆိုတာ ယုံရ ခက်ခက်ပဲလို့ မှတ်ချက်ချသတဲ့။

ဒါပေမယ့် မူလက မြို့သူကြီး ဖြစ်တဲ့ ဦးအန်ထော်နီကို မြို့အုပ်အရာ ပေးပြီး ဆိတ်ဖြူကို ပို့လိုက်ပါတယ်။ စလင်းနယ်မှာ မရှိစေချင်တဲ့ သဘောပေါ့။ ဆိတ်ဖြူ ဆိုတာကလည်း အဲဒီ အချိန်တုန်းက အင်မတန် ငှက်ဖျားစွဲတဲ့ နေရာပါ။ ဦးအန်ထော်နီကို အင်္ဂလိပ်က ဒီလိုလုပ်တာဟာKick Up (ကန်မြှောက်)လုပ်တဲ့ သဘောပေါ့။ ဆိတ်ဖြူမှာ ဦးအန် ထော်နီရော မယ်အန်ထော်နီပါ ၂ ယောက်လုံး ငှက်ဖျားမိလို့ ပြန်လာကြတယ်။ မယ်အန်ထော်နီကတော့ ငှက်ဖျားနဲ့ပဲ ဆုံး သွားရတယ်။ ဦးအန်ထော်နီက ၁၉၁၈ ခုနှစ်ကျမှ ဆုံးတာပါ”
ဟု ရှည်လျားစွာ ပြောပြပါသည်။

ထိုနေ့က သူငယ်ချင်း ပါစီချစ်ဖေနှင့် သူကောင်း ဦးစိန်ရိုး သားအဖနှစ်ယောက်တို့သည် စာရေးသူ၏ အိမ်တွင် အချိန်ကြာ မြင့်စွာ စကားလက်ဆုံ ကျကြပြီးမှ ပြန်သွားကြပါသည်။ သူ ကောင်းဦးစိန်ရိုးနှင့် ဇနီး သူကောင်းမ ဒေါ်လေးလေးတို့၏သမီး ပါမောက္ခ ဒေါက်တာကြော့မှူးအောင်သည်လည်း သူကောင်း မျိုးစစ်စစ်ဖြစ်သည်။ သို့သော် ပါမောက္ခကြီးသည် အပျိုကြီး ဖြစ်၏။ သူငယ်ချင်း ပါစီချစ်ဖေကလည်း အရပ်သူနှင့် အိမ်ထောင်ကျသည်။ ဒေါက်တာကံဇော်ကလည်း အရပ်သူနှင့်ပင် လက်ဆက်ခဲ့သည်။ သူကောင်းမျိုးတို့သည် နှစ်ပရိစ္ဆေဒ ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း မျိုးရိုးတိမ်ကောသွားကြ တော့မည့်အရေး စာရေးသူတွေးလိုက်မိပါသည်။



မောင်သန်းဆွေ၊ထားဝယ်၊

ကိုးကားချက်။ ။
(၁) ဦးမောင်မောင်တင်(၁)- ကုန်းဘောင်ဆက် မြန်မာရာဇ၀င် တော်ကြီး”(တတိယတွဲ)၊
(၂) ကြော့မှူးအောင်- ကုန်းဘောင်ခေတ်နောက် စလင်းသူ ကောင်းသမိုင်း (၁၈၁၉-၁၈၈၅)
ရန်ကုန်တက္ကသိုလ်သမိုင်းဌာန၊ မဟာဝိဇ္ဇာဘွဲ့ အတွက် ထက်ဝက်ကျန်ရှိသည့် တာဝန်ကို ဖြည့်စွမ်းရန် ၁၉၉၂၊ မေလ တွင်တင်သွင်းသည့်ကျမ်း။
(၃) မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း (၁၈၈၅-၁၈၉၅) အပိုင်း-၁၊ မြန်မာ့ တိုင်းရင်းသားတို့၏ လက်နက်စွဲကိုင်တော် လှန်ရေး
(၄) ဒေါ်အုန်းကြည်(ကထိက၊ သမိုင်းဌာန၊ မကွေးဒီဂရီကော လိပ်)- စလင်းသူကောင်းသမိုင်းအကျဉ်း

ဒါက ပထမတစ်ပုဒ်ရဲ့ အဆက်တဲ့။

သူတော်ကောင်းဦးကြာစိုးနှင့် နန်းစဉ်မိဖုရား

သူတော်ကောင်းဦးကြာစိုးနှင့် နန်းစဉ်မိဖုရား
မြန်မာပြည်တွင် အမျိုးအနွယ်ကို စောင့်ထိန်းကြသော မျိုးနွယ်စုများထဲ၌ မြန်မာစစ်စစ်ဖြစ်ပြီး ရှေးကတည်းက ယနေ့တိုင်ရှိကြသေးသော မျိုးနွယ်စုကြီး ၂ စုမှာ ချောက်၊ ရေနံချောင်းဘက်မှ “တွင်းရိုး၊ တွင်းစား”မျိုးများနှင့် မင်းဘူး၊ စလင်းဘက်မှ “သူကောင်း”မျိုးများ ဖြစ်ပါသည်။

ဤမျိုးနွယ်စုကြီးတို့သည် ၄င်းတို့မျိုးနွယ်အချင်းချင်းသာ ပြန်လက်ဆက်ကြပြီး၊ အမျိုးအနွယ်ကို အလွန်စောင့်ထိန်းခဲ့သောကြောင့် ယခုအခါ ဦးရေအားဖြင့် အလွန်နည်းသွားပြီ ဖြစ်သည်။ တွင်းရိုးတွင်းစားများ ပေါ်ပေါက်လာပုံသမိုင်းကိုကြည့်လျှင် ပုဂံခေတ်မှ စသည်ကိုတွေ့ရသည်။ သက္ကရာဇ် ၂၃၈ ခုနှစ်တွင်ပုဂံ၌ တန်နက်မင်းကြီးကို စလေငခွေးကလုပ်ကြံသည်။

တန်နက်မင်းကြီး၏ဖိဖုရားကြီးသည် ဆွေတော်မျိုးတော် နောက်လိုက်နောက်ပါများနှင့် ပုဂံမှတိမ်းရှောင်ခဲ့ရာ ယခု ကမ္မရွာခေါ် သောအရပ်သို့ရောက်သည်။ ဆွေတော်မျိုးတော်အချို့သည် ထိုအရပ်တွင်ပင် နေထိုင်ခဲ့ကြသည်။ အခြား ၁၂ ဦးသော အိမ်ထောင်စုံ ဆွေတော်မျိုးတော်များမှာ ဆိပ်သာကွန်းထောက် အရပ်သို့ သွားရောက်နေထိုင်ကြသည်။ မိဖုရားကြီးကမူ ကျောင်းဖြူအရပ်တွင် နေသည်ဟုဆိုသည်။ ဆိပ်သာကွန်းထောက်တွင် နေကြသော ၁၂ ဦးသည် တောလည်ထွက်ကြရာ ပျားကြီးတောင်ပို့အရပ်တွင် နံ့သာမြေဆီပေါ်ထွက်နေသည်ကို တွေ့ကြ၏။

မြို့သူကြီးထံတွင် ရေနံ့သာထွက်ရာ ဒေသအတွက် မြေတိုင်းစာခံယူကြ၍ နယ်နိမိတ် ၄ ရပ်သတ်မှတ်ကာအရှေ့ တောင်ခမောက်၊ အနောက် ပျားကြီးတောင်၊ တောင် ယောက်သွားတောင်(နောင်အခါမင်းလင့်တောင်)၊ မြောက်ကျောက်မဆင်ရပ်တို့အတွင်း၌ အခြေချသည်။ ၄င်း၁၂ဦးသော အိမ်ထောင်စုံအနွယ်တော်တို့သည် ထိုစဉ်ကတည်းကစပြီး နံ့သာမြေဆီကိုရောင်းချလျက် အသက်မွေးဝမ်းကျောင်း ပြုလာကြသည်။


အနော်ရထာမင်းလက်ထက် ရောက်သောအခါ ပိဋကတ်တော်ပေစာများ ပိုးမွှားဘေးမှကာကွယ်ရန်၊ အဆောက်အအုံများ ရာသီဥတုဒဏ် ခံနိုင်ရန်အတွက် နံ့သာဆီ(ရေနံဆီ)များ သုတ်လိမ်းထားလျှင် ကောင်းမည်ဟု အကြံပေါ်၍ မူးမတ်တို့ ဆိပ်သာကွန်းထောက်အရပ်သို့ စုံစမ်းရှာဖွေရာ ထိုဒေသကို နယ်လေးရပ်သတ်မှတ်ပြီး နံ့သာမြေဆီ ရောင်းချစားသောက်နေသော အိမ်ထောင်စုံ ၁၂ ဦး(၄င်းတို့ကို တွင်းရိုး ဟုခေါ်သည်။) နောက်တိုးအိမ် ထောင်စုံ ၁၂ ဦး ပေါင်း ၂၄ ဦးရှိနေကြောင်း တွေ့ရသည်။ ၁၄ ဦးသော တွင်းစားများသည်လည်း ထိုအခါကပင် စတင်ပေါ်ပေါက်လာသည်ဟု မှတ်ယူကြသည်။

မူးမတ်တို့သည် တွင်းရိုးတွင်းစားများ၏ အိမ်ထောင်စုံစစ်တမ်းနှင့်တကွ၊ နံ့သာမြေဆီ (ရေနံဆီ)ကိုပါ ဆက်သွင်းရမည်ဟု အမိန့်ပေးပြီး ပုဂံသို့ ပြန်လာကြသည်။ မူလတွင်းစားရိုး ၁၂ ဦးအနက် အကြီးအကဲဖြစ်သူကို နေမျိုးသမန္တရာဇာဘွဲ့နှင့် တွင်းသူကြီး(၀ါ)တွင်းမင်းကြီးရာထူး အပ်နှင်းသည်။ အခြားအကြီးအကဲ ၂ ဦးအားလည်း တွင်းခေါင်းရိုးနှင့် တွင်းဆော်ရိုးဟုခန့်ထားသည်။ ကျန် ၂၁ ဦးသောအိမ်ထောင်စုံတို့ကို တွင်းစားရိုး ဟုခေါ်တွင်စေပြီး နောက်ဆက်ပွားအိမ်ထောင်စုံ ၁၄ ဦးတို့ကို တွင်းစားဟုခေါ် တွင်စေသည်။ ထိုစဉ်မှစပြီး တွင်းရိုး၊ တွင်းစားများပေါ်ပေါက်ခဲ့သည်ဟု အဆို ရှိသည်။

မူလတွင်းစားရိုး ၂၄ ဦးတွင် ယောက်ျား ၁၈ ဦးနှင့် မိန်းမ ၆ ဦးရှိရာ ယောက်ျား ၁၈ ဦးမှဆင်းသက်သူတွင်း စားရိုးတို့ကို “ပုဆိုးစ”ဟုခေါ်၍ မိန်းမ ၆ ဦးမှဆင်းသက်သူတို့ကို “ထဘီစ” ဟု ခေါ်တွင်လေသည်။ တွင်းရိုး၊ တွင်းစားတို့၏အကြောင်း ကို အကျဉ်းမျှဖော်ပြပြီးနောက် ဤ ဆောင်းပါးနှင့်ဆိုင်သော သူကောင်းဦးကြာစိုး ဆိုသူနှင့်ပတ်သက်၍ သူကောင်းမျိုးများ အကြောင်းကို ဖော်ပြရပေမည်။ မင်းဘူး ခရိုင်မြောက်ပိုင်းရှိစလင်းမြို့ကို လက်မွန် မဆွ တည်ထောင်ခဲ့သူများဖြစ်သည်ဟု ဆိုသည်။ သရေခေတ္တရာ၊ ရာဇ၀င်တွင် မဟာသမ္ဘ၀၊ စူဠာသမ္ဘ၀တည်းသူသော မျက်မမြင်ညီနောင်တို့အား ဘီလူးမက မျက်စိ စကုပေးသောနေရာကို “စကု”ဟု ခေါ်၍ မျက်စိ စတင်မြင်ရသောနေရာ ကို “စလင်း”ဟု ခေါ်ကြောင်း ပါးစပ် ရာဇ၀င်အဖြစ်ဖြင့် ရှိခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော စလင်းဆရာတော် ဘုရားကြီးက- “သူကောင်းတွေဟာ ပုဂံကပြေး လာပြီး သမင်ကိုစားနေတဲ့ကျားနဲ့ ရင်ဆိုင်တွေ့သတဲ့။ ကျားကလူ တွေကိုတွေ့တော့ သမင်စားနေတာ ဆိုင်းငံ့သွားပြီး ထွက်ပြေး သွားပါ ရော။ ပြေးလာတဲ့ လူတွေဟာ ဒီနေရာကို အတိတ်ကောင်း၊ နိမိတ်ကောင်းကောက်ပြီး ကျား စားနေတာ လင့်သွားတဲ့အတွက် ဒီနေရာကို စားလင့်လို့ခေါ်ရာက စလင်းလို့ဖြစ်ပေါ်လာတာ။ သူတို့ လည်း ဒီမှာပဲ အခြေချလိုက် သတဲ့”
ဟု မိန့်တော်မူဖူးသည်ကို မှတ် သားရဖူးပါသည်။

စာရေးသူ၏ ဖခင်သည် မင်းဘူး၌ ခရိုင်ရဲဝန်အဖြစ် တာဝန်ထမ်းဆောင်ဖူး သည်။ စာရေးသူ ၁၃၊ ၁၄ နှစ်သား အရွယ်က ဖြစ်၏။ မင်းဘူး၌နေစဉ် စလင်းဘက်မှသူကောင်းမျိုးများကို စ၍ တွေ့ဖူးမြင်ဖူးပါသည်။ ရှေးမြန်မာကြီး စစ်စစ်ကြီးများပင်ဖြစ်သည်။ သူတို့၏ သာရေး၊ နာရေးတို့ကိုလည်း မြင်ရ၊ တွေ့ရသည်။ လူကြီးများထံမှ သိရ၊ ကြားရဖူးသည်မှာ သူကောင်းမျိုး ၄ မျိုး ရှိကြောင်း၊ တောင်သူကောင်း၊ မြောက် သူကောင်း၊ အရှေ့သူကောင်းနှင့် အနောက်သူကောင်းတို့ဖြစ်ပြီး တောင်သူ ကောင်းသည် မြောက်သူကောင်းထက် မြင့်သည်။ မြောက်သူကောင်းသည် အရှေ့သူကောင်းထက်မြင့်သည်။ အရှေ့ သူကောင်းသည် အနောက်သူကောင်း ထက်မြင့်သည်။ တောင်သူကောင်းမျိုးရိုး သည် အမြင့်မြတ်ဆုံး၊ အချမ်းသာဆုံးဖြစ် ၍ မြောက်သူကောင်းမျိုးများတွင် ပညာ တတ်ပေါသည်ဟုဆိုပါသည်။ သူ ကောင်း ၄ မျိုးစလုံးပင် ချမ်းသာသူပေါ သည်။ သူတို့အချင်းချင်းသာလက်ဆက် ကြသည်ဟုဆိုပါသည်။ ထိုသို့ကြားရ၍ စာရေးသူသည် သူကောင်းမျိုးများကို အလွန်စိတ်ဝင်စားခဲ့ပါသည်။

သမိုင်းသုတေသနဌာနမှ ဒေါက် တာခင်လှဟန်က စာရေးသူစိတ်ဝင်စား သည့်သူကောင်းမျိုးများအကြောင်းစာ တမ်းကို ရှာလာပေးသည်။ မကွေးဒီဂရီ ကောလိပ်မှ သမိုင်းဌာနကထိက ဒေါ်အုန်းကြည်ရေးသားသော စလင်းသူ ကောင်းသမိုင်း(အကျဉ်း) ၂၈ မျက်နှာခန့် ရှိသည့်စာတမ်းဖြစ်သည်။ ဒေါ်အုန်း ကြည်အလိုအရ စလင်းမြို့ကို မဟာပုံဆို သူက စားလင်းဟူသော အမည်ဖြင့် စတင်တည်ထောင်ကြောင်း၊ အမတ် မဟာပုံ၏ အဆက်အနွယ်များသည် မဟာပုံဘွဲ့ကိုယူ၍ စလင်းမြို့တွင်ဆက်ခံ အုပ်ချုပ်သဖြင့် မဟာပုံဟူသည့် စလင်း သူကြီးရိုး စတင်သည်ဟု အစဉ်အလာ ပြောမြဲရှိကြောင်း၊ အလောင်းစည်သူမင်း (အေဒီ ၁၁၁၂-၆၇) လက်ထက်တွင် ကြွက်တက်မြောက်ရွာ၊ ရေငံရွာ၊ လက် ပွေ့ဆိုင်ရွာတို့မှ သူကြီး ၃ ဦးတို့သည် စလင်းသူကြီးမဟာပုံနှင့်ပူးပေါင်း၍ စလင်းမြို့ကို တိုးချဲ့တည်ထောင်လျက် သူကြီး ၄ ဦး ပူးပေါင်းအုပ်ချုပ်ခဲ့ကြ ကြောင်း၊ နရပတိစည်သူမင်းလက် ထက်တွင် အထက်ပါသူကြီး ၄ ဦးအား “ပြည်စိုး”ဟူသောဘွဲ့ကို ချီးမြှင့်သူ ကောင်းပြုရာမှ သူကောင်းမျိုးအဆက် အနွယ်များ ပေါ်ပေါက်လာလျက် ထို အဆက်အနွယ်များသည် မြို့သူကြီးများ အဖြစ် စလင်းမြို့တွင် သီပေါမင်းပါ တော်မူသည်အထိ အစဉ်အဆက်အုပ်ချုပ် ကြကြောင်း သိရပါသည်။

မှတ်ချက်။ ။“စာရေးဆရာမကြီးဒဂုန် ခင်ခင်လေးက ပုပ္ပားနယ်တစ်ဝိုက်မှာ မြို့သူကြီးများကို “ပြည်စိုး”ဟုခေါ် ကြောင်း၊ ကျောက်ပန်းတောင်းနယ်တစ် ၀ိုက်မှာမူ “မြို့ကိုင်”ဟုခေါ်ကြောင်း၊ နောက်မှ မြို့သူကြီးဟုခေါ်ခဲ့ကြောင်း ပြောပြဖူးပါသည်။ ပြည်စိုး ၄ ဦးမှဆင်းသက်သည့် သူကြီးရိုး ၄ ရိုး၏အဆက်အနွယ်များစာ ရင်းကိုလည်း တွေ့ရပါသည်။ စလင်း မြို့သူကြီးမဟာပုံသည် “ပြည်စိုး အောင်သမင်္ဂလာ”ဟူသောဘွဲ့ဖြင့် ချီးမြှင့် ခံရပြီး စလင်းမြို့နယ်ဝန်းကျင်တွင် ဆည်မြောင်းလယ်ပယ်အခွန်တော်ကိစ္စ တို့ကို ဆောင်ရွက်ရသည်။ ပြည်စိုး အောင်သမင်္ဂလာမှမဟာဇေယျဘဒ္ဒရာဇာ ဘွဲ့ခံသူကြီးများ ဆင့်ပွားလာသည်။ ၄င်းတို့မှာ ဦးတော်ဦး၊ ဦးတုတ်ကျော်၊ ဦးပန်းခိုင်၊ ဦးရွှေဆိုင်၊ ဦးတော၊ ဦးသာ ဒွန်းအောင်နှင့် ဦးကြီးတို့ဖြစ်သည်။

နောက်ဆက်ကာဆက်ကာ သမန္တရာဇ်မှ မင်းစက္ကရာဇ်ဘွဲ့ခံပြည်စိုးများ၊ သီဟ ၀ဍဏရာဇသူဘွဲ့၊ မဟာသမန်းဘွဲ့၊ သူရဲကောင်းဘယကျော်သူဘွဲ့၊ ဒေ၀တ္တ နာဘွဲ့တို့ကို အပ်နှင်းခြင်းခံရသည့် ပြည်စိုး(သူကြီး)များပေါ်ပေါက်လာ သည်။ မူလသူကြီး ၄ ရိုးမှ သူကောင်း မျိုးများ ဆက်လက်ပြီး စလင်းနယ် တစ်ဝိုက်တွင် အခြေစိုက်နေထိုင်ကြ သည်။ သက္ကရာဇ် ၁၄၉၂ တွင်စလင်းမြို့ ကိုအုပ်ချုပ်ရာ၌ တောင်ပြည်စိုး၊ မြောက်ပြည်စိုးဟု တိုးချဲ့ခန့်ထားသည်။ ယင်းတို့မှ ဆင်းသက်သူများကို တောင် လက်၊ မြောက်လက် ဟုခေါ်သည်။ သူကောင်းမျိုးများသည် နိုင်ငံရေးအရ လည်းကောင်း၊ စီးပွားရေးအရလည်း ကောင်း၊ လူမှုရေးအရလည်းကောင်း ထိပ်တန်းမှ ပါဝင်လျက် စလင်းနယ် တစ်ဝိုက်တွင် အရေးပါဆုံး လူတန်းစား တစ်ရပ်ဖြစ်လာသည်။

စလင်းမှသူကောင်းတို့သည် ဓန အင်အားနှင့်ပြည့်စုံရာ လူကိုလည်းကောင်း၊ လယ်မြေကိုလည်းကောင်း အပေါင်ခံ စားကြသည်။ သူကောင်းတစ်ဦးသည် လယ်မြေဧကတစ်သိန်းမျှပင် ပိုင်ဆိုင် ကြောင်းနှင့် လူပေါင်ခံ၍ ဆုံးသဖြင့် ကျွန်ခံရသူကျွန်ပေါင်း ၁၅၀ ခန့်ပင် ပိုင်ဆိုင်ကြောင်း ၄င်းတို့မှတ်တမ်းပုရ ပိုက်များတွင် တွေ့ရသည်။ ဓနအင်အား ကောင်းလာသည်နှင့်အမျှ အခြွေအရံ၊ ကျေးကျွန်လည်း ပေါများလာသည်။ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း စသည့် ကောင်းမှုများကိုလည်း ရက် ရက်ရောရောပြုလာကြသည်။ စလင်း မြို့ရှိ ဆုတောင်းပြည့်ဘုရား၊ ထီးကြီးဘု ရား၊ ရတနာမာရ်အောင်ဘုရား၊ ရန် အောင်ဘုရား စသည်တို့သည် သူ ကောင်းများတည်သော ဘုရားများဖြစ် သည်။

ဘုန်းတော်ကြီးကျောင်းများ လည်းတည်၍လှူဒါန်းကာ ဘုရား ဒကာ၊ ကျောင်းဒကာဘွဲ့ခံကြသည်။ မြို့ သူကြီးအာဏာလည်းရှိကြလေရာ နယ် စား၊ ပယ်စားသဖွယ်ဖြစ်လာကြသည်။ ထို့ကြောင့် သူတို့၏ထိမ်းမြားမင်္ဂလာ အခမ်းအနား၊ အသုဘအခမ်းအနားများ ကို မင်းဆွေမင်းမျိုးများသဖွယ် ကြီးကြီး ကျယ်ကျယ် ကျင်းပကြသည်။ သူ ကောင်းတစ်ဦးကွယ်လွန်လျှင် ပင့်သံဃာ အပါးရာချီ၍ပင့်သည်လည်းရှိ၏။ ငွေ ပဒေသာပင်များအပြင် ပစ္စည်းပဒေသာ ဆန်တစ်အိတ်၊ ကော်ဇော၊ သင်္ကန်း၊ သပိတ်၊ ဖိနပ်၊ မျက်နှာသုတ်ပ၀ါ၊ သင်ဖြူးနှင့် သားရေသေတ္တာများကို ဘုန်းတော်ကြီးတစ်ပါးစီ လှူဒါန်းသည် အထိ ကြီးကျယ်ခမ်းနားလာသည်။

စာရေးသူမြင်ဖူးသော စလင်းမှသူ ကောင်းတစ်ဦး၏အသုဘအခမ်းအနား တွင် ဆင်နှစ်ကောင်ပေါ်တွင် ပိဋကတ် သုံးပုံတင်၍ အသုဘရှေ့မှသွားပြီး ရှေ့ ဆိုင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပခြုပ်၊ ငွေပခြုပ်၊ ရွှေထမင်းအိုး၊ ငွေထမင်းအိုး၊ ရွှေညောင်ရေအိုး၊ ငွေညောင်ရေအိုး၊ ရွှေ ဖိတုံး၊ ငွေဖိတုံး၊ ဆင်ပေါက်တစ်ကောင်၊ ဆင်မတစ်ကောင်၊ ပြဒန်၊ ကုဗ္ဘီးစင် (သေသူအတွက် အစားအသောက်များ)၊ ဖိုတစ်၊ ဖိုနှစ်စသည်တို့ဖြင့်လည်းကောင်း၊ မီးသတ်အိုး၊ အရိုးကောက်၊ ကိုရင် တစ်ပါး(စဏ္ဍာလကို သင်္ကန်းဝတ်၍ လိုက်စေသည်။)၊ ပေါင်းစည် ၄ လုံး၊ စွန့်ကြဲရန်အ၀တ်အထည်များ၊ စပါး လှည်း ၃ စီး၊ မြင်း(ယောက်ျားဖြစ်က မြင်း၊ မိန်းမဖြစ်က လှည်း)၊ ကန်တော့ပွဲ၊ ထီး၊ ကျိုင်း၊ သိုင်း၊ စာအုပ်၊ ရေ တကောင်း၊ ဆေးလိပ်သေတ္တာ၊ လက် ဖက်အုပ်၊ ကွမ်းအစ်၊ ထွေးခံ၊ အ၀တ် အထည်၊ ဖိနပ်၊ ယောက်ျား ၁ (ယောက်ျားတစ်ဦးအား လွတ်လပ်ခွင့် ပေးသည်။)၊ မိန်းမ စဏ္ဍာလ(သီလရှင် ၀တ်၍လိုက်စေသည်။) စသည့် အခမ်း အနားနောက်မှ ရွှေထီးများမိုးထားသည့် အလောင်းစင်၊ ၄င်းနောက်မှ ဆိုင်းဖြင့်ချ ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရဖူးသည်။

ပြာသာဒ်အလောင်းစင်ကိုထမ်းရန် လူ တစ်ထောင်ခန့်လိုက်ရ၍ နေအိမ်မှ သင်္ချိုင်းသို့ အလှည့်ကျထမ်းကြရသည်။ အသုဘပို့ရာတွင် သူကောင်းများထဲမှ အသက်အကြီးဆုံးက ရှေ့ဆုံးမှလိုက်ပါရ ပြီး၊ နောက်မှ ကြီးစဉ်ငယ်လိုက်ပို့ဆောင် ရသည်။ ဗြိတိသျှအစိုးရလက်ထက်တွင် စစ်သားများက စစ်တီးဝိုင်းဖြင့်လည်း ကောင်း၊ သေနတ်ဖောက်၍လည်းကောင်း ကူညီသည်ဟုဆိုပါသည်။ သင်္ချိုင်းတွင် အ၀တ်အထည်များကိုလည်း စွန့်ကြဲ သေးသည်ဟုဆိုသည်။ ယောက်ျား သေဆုံးလျှင် တိုက်ပုံအင်္ကျီ ၁၅ ထည်၊ မိန်းမ သေဆုံးလျင် မိန်းမ အင်္ကျီ ၂၀ ခန့်၊ လုံကွင်းအဖြူ ၁၅ ထည်၊ ကိုက် ၃၀ ခန့်၊ အနီဆိုးထည် ၅၇ ကိုက်မျှ စွန့်ကြဲကြသည်ဟု ဆိုပါသည်။

ပဒေသရာဇ်ခေတ်တွင် လူတန်းစား အလိုက်၊ ရာထူးအဆင့်အတန်း အလိုက် ဘုရင်က သတ်မှတ်ပေးထားပေရာ မည်သူမှ မိမိအား ခွင့်ပြုထားသည် ထက် ကျော်လွန်၍ မလုပ်ရဲပေ။ ဘုရင် မရှိသည့်နောက်ပိုင်းတွင် အင်အား ရှိသမျှ ချဲ့ထွင်လာကြသည်။ သူကောင်း တို့သည် ခမ်းနားထည်ဝါစွာနေထိုင်၍ ကွယ်လွန်သည့်အခါတွင်လည်း မင်းဆွေ မင်းမျိုးများကဲ့သို့သင်္ဂြိုဟ်နိုင်ကြသည် မှာ ဓနအင်အားကောင်း၍လည်းကောင်း၊ မင်းက သူကောင်းပြုထား၍လည်းကောင်း ဖြစ်နိုင်ပါသည်။ သူကောင်းမျိုးများတွင် ၀ါစဉ်အလိုက်ကြီးသူကို ငယ်သူက ဘုရားထူးရသည်။ ကျေးကျွန်များက လည်း ဘုရားထူးရ၏။

ဤဆောင်းပါးမှ သူကောင်းဦး ကြာစိုးနှင့်ပတ်သက်၍ သူကောင်းမျိုး နွယ်တို့၏ ကြီးကျယ်ခမ်းနားပုံ အကြောင်းကိုရေးရင်းဖြင့် ဆောင်းပါး ရှည်သွားပြီ။ ယခုမှ သူကောင်းဦးကြာ စိုးနှင့် သူရေးခဲ့သည့် “နန်းစဉ်မိဖုရား” အကြောင်းကို ဖော်ပြရပေမည်။ ဦးကြာ စိုးသည် အထက်၌ရေးခဲ့သည့်အတိုင်း ကြီးကျယ်ခမ်းနားလှသည့်သူကောင်းမျိုး နွယ်မှဆင်းသက်လာသော သူကောင်း တစ်ဦးဖြစ်သည်။

မှတ်ချက်။ ။ [တွင်းရိုး၊ တွင်းစားများ သည် သူတို့၏အမည်ရှေ့၌ တွင်းရိုး၊ တွင်းစားဘွဲ့တပ်၍ခေါ်သကဲ့သို့ သူ ကောင်းမျိုးများသည်လည်း သူကောင်း ဘွဲ့တပ်၍ခေါ်ကြသည်။ ဥပမာ-တွင်း ရိုးဦးကျော်ခေါင်၊ တွင်းစားဦးဘ၊ သူ ကောင်းဦးကြာစိုး]

ဦးကြာစိုးသည် သူကောင်း၊ ခေတ် ပညာတတ်တစ်ယောက်ဖြစ်၏။ နှုတ် ခမ်းမွေးထူထူ၊ မျက်နှာ လေးထောင့် မကျတကျ၊ အရပ်အမောင်း ၅ ပေခွဲမျှ နှင့် တောင့်တင်းကြံ့ခိုင်သောကိုယ်ဟန်ရှိ သည်ဟု ဆိုပါသည်။ သူသည် ၁၉၁၈ ခုနှစ်တွင် မင်းဘူးမြို့၊ အစိုးရအလယ် တန်းကျောင်းမှ အိပ်ခ်ျအက်စ်အက်ဖ် အောင်မြင်ကာ ၁၉၁၉ ခုနှစ်မှစ၍ အကူ စာရေး၊ အမှုတွဲထိန်း၊ တောလိုက်စာရေး၊ စက်ရှင်တရားမတရားသူကြီးရုံး၊ ဒုတိယ စာရေးစသည်ဖြင့် အဆင့်ဆင့်ပြောင်းလွဲ တာဝန်ထမ်းဆောင်ပြီးနောက် မုံရွာ၊ မင်းခင်းတို့တွင် မြို့အုပ်တာဝန်ထမ်း ဆောင်ခဲ့၏။

ထို့နောက်အရာတော်မြို့နယ် တွင် ၄ လမျှ တာဝန်ထမ်းဆောင် ပြီးနောက် တမူးမြို့သို့ မြို့ပိုင်အဖြစ် ပြောင်းရွှေ့ရပြန်သည်။ ထိုခေတ်ထို အချိန်က စစ်ကိုင်းတိုင်းတွင်တာဝန်ကျ သောမြို့အုပ်များအနက် အထက်အရာရှိ များနှစ်သက်သူများအား တမူးသို့ပို့လေ့ ရှိသည်ဆို၏။ ဤဆောင်းပါးတွင်ဖော်ပြ မည့် နန်းစဉ်မိဖုရားမှာ တမူးမြို့နယ်မှ ဖြစ်သည်။ ၁၉၂၄-၂၅ ခုနှစ်ဝန်းကျင် လောက်ကဖြစ်ပုံရသည်။ ဦးကြာစိုး တမူးသို့ပြောင်းရစဉ်က လမ်းပန်းဆက် သွယ်ရေး အလွန်ခက်ခဲပေသည်။

တမူးမြို့သို့ရောက်ရန် လမ်းနှစ် သွယ်ရှိ၏။ ပထမလမ်းမှာ ယူးမြစ်ကို ဆန်တက်သောလမ်းဖြစ်၍ ငမိုးခေါ် ရှင်းကြီးရေတံခွန်ကိုဖြတ်သန်းသွားရ၏။ ဒုတိယလမ်းမှာ စစ်သောင်သင်္ဘောဆိပ် ရွာသို့သွားပြီးမှ အစိုးရဖောက်လုပ်ထား သော ၆ ပေလမ်းဖြင့် ခြေလျင်ခရီးဆက် ရသည်။ စစ်သောင်ရွာသည် သောင်ထွတ်မြို့နှင့်မလှမ်းမကမ်းရှိ တောင် တန်းတောင်စွယ်တို့၏မြစ်ကမ်းနဖူးတွင် တည်ရှိပြီး ကသည်း၊ ဂေါ်ရခါး၊ ချင်း နှင့် ရှမ်း-မြန်မာများနေထိုင်ကြသည်။ တောင်ယာလုပ်သူအနည်းငယ်မျှနှင့် တမူးသွားခရီးသည်များလိုက်လံပို့ ဆောင်ပေးသောအလုပ်၊ လမ်းပြင်သော အလုပ် စသည်တို့ဖြင့်သာ အသက်မွေး ကြ၏။

ဦးကြာစိုးသည် သင်္ဘောဖြင့် ၃ ရက်လာပြီးမှ စစ်သောင်ရွာသို့ဆိုက် ရောက်လာ၏။ကူလီခေါင်းမောင်သာဘ အိမ်တွင်တစ်ညအိပ်ပြီးနောက် ခရီးဆက် ခဲ့သည်။ သင့်ရုံသာယူဆောင်လာသော ပစ္စည်းများကို မြင်းပေါ်တင်၍ကိုရွှေလုံး၊ မောင်သာဒင်နှင့် ဦးဖိုးသာ ကြီးတို့က ခြေလျင်လိုက်ကြသည်။ ဦးကြာစိုးတစ် ယောက်သာ အုန်းခွံရောင်မြင်းပုကလေး ကို စီးရပါသည်။ လမ်းခရီးတွင် ဂန္ဓမာ ချောင်းကိုဖြတ်ရသည်။ ၁၂ မိုင်မျှခရီး ပေါက်ပြီး မွန်းလွဲ ၂ နာရီ ခန့်တွင် ပြင်ပုံ ဗိုလ်တဲ(တည်းခိုရိပ်သာ)ရှိ ရာတောင် ထိပ်သို့ရောက်ကြသည်။ ထိုဗိုလ်တဲတွင် တစ်ညအိပ်ပြီးနောက် မတ်စောက်သော တောင် ကမ်းပါးယံလမ်းအတိုင်း ခရီး ဆက်ကြရာ ထူးဆန်းသော သစ်ပင် ၂ ပင် ကိုမြင်ကြရသည်။ ထို သစ်ပင် ၂ ပင်သည်လေမလာဘဲလျက် တစ်ပင်နှင့် တစ်ပင်တွန်းတိုးဆွဲယမ်း၍ မြွေနှစ် ကောင်လိမ်ယှက်ဘိသို့ လှုပ်ရှားနေ၏။ မြင်ရသူတိုင်း တအံ့တသြဖြစ်ကြရ သည်။ မှတ်တမ်းရှင်ဦးကြာစိုးကမူ “ဂမုန်းကမြင်းပင်များ”ဖြစ်တန်ရာသည်ဟု ထင်မြင်ချက်ပေးထားပါသည်။

ဖြတ်သန်းခဲ့ရသောဂန္ဓမာချောင်း ကြီးကိုပင် ထပ်မံတွေ့ရှိရပြန်ကာ မွန်း တည့်ခါနီးတွင် ကျောက်စေတီဗိုလ်တဲသို့ ရောက်ကြသည်။ ကျောက်စေတီမှာ ဗုဒ္ဓ ဘာသာဝင်အရာရှိတစ်ဦးတည်ထားခဲ့ သောစေတီဖြစ်၏။ ဦးကြာစိုးတို့အဖွဲ့ သည် စေတီတော်ကို ဆွမ်းကပ်ပူဇော် ကြသည်။ ထိုမှခရီးဆက်၍ အနောက် ဘက်သို့လာပြီးလျှင် ၁၂ မိုင်ခန့်အကွာ၌ ယူးမြစ်သို့ရောက်ကြ၏။ မြစ်အနောက် ဘက်ကမ်းတွင် ရေနန်းရွာတည်ရှိသည်။ ရှမ်းနှင့်မြန်မာများနေထိုင်ကြသည်။ တမူးမြစ်နှင့်ကား တစ်မိုင်မျှသာဝေး တော့သည်။ သူတို့အဖွဲ့သည် တမူးမြို့ သို့ နေ၀င်ခါနီးတွင်မှဆိုက်ရောက်သည်။ ရုံးတစ်ပိုင်း၊ ဗိုလ်တဲတစ်ပိုင်းပြုလုပ်ထား သောအဆောက်အအုံတွင် အိပ်စက်ကြရ သည်။ တမူးမြို့သည် တောင်များကာရံ ထားသည့်အလယ်တွင်ရှိသည်။

မဏိပူရ ပြည်ခေါ် ကသည်းပြည်နယ်ကြားတွင် တည်ရှိပါသည်။ မြို့၏မြောက်ဘက် ၂ ဖာလုံခန့်တွင် တောင်နှစ်လုံးကြားမှစီး ဆင်းလာသောရေများကို တမံတုတ် ထားသည်။ တောင်ဘေးများတွင်ကား အရေးရှိလျှင် ဖောက်ခွဲပစ်နိုင်ရန် ဒိုင်းန မိုက်များမြှုပ်နှံထားသည်ဆို၏။ ထို ချောင်း၏တစ်ဖက်ကမ်းသို့ကူးနိုင်ရန် လက်ကောက်ဝတ်ခန့်တုတ်သောကောင်း ကင်ကြိုးတပ်ဆင်ထားရှိသည်။ လူ ၂၅ ယောက်ပြည့်တိုင်း တစ်ကြိမ်ကူးပို့ပေး လေ့ရှိသည်။

တမူးမြို့၏အနောက်မှအရှေ့သို့ ဦး တည်ကာ မြို့၏သုံးပုံတစ်ပုံကိုဖြတ်၍ စီးဆင်းသောချောင်းရှိရာ ရေအားသုံး သောရေမောင်းများဖြင့် ချောင်းတစ် လျှောက် စည်ကားလှသည်။ ထိုရေ မောင်းများဖြင့် စပါးထောင်း၊ ဆန်ဖွပ် လုပ်ကြသည်။ မြို့၏မြောက်ဘက်တွင် သီရိဟေမာဟုခေါ်သော ကသည်းရွာ တစ်ရွာရှိသည်။ စိုက်ပျိုးရေးလုပ်ကြ၏။ ရွာအကြီးအကဲများမှာ တွန်မှီနှင့် တွန် စနောတို့ဖြစ်သည်။ တွန်စနောမှာ မဏိ ပူရစော်ဘွား၏အနွယ်တော်ဟုဆိုသည်။ တမူးမြို့တွင် ရှမ်း-မြန်မာအများဆုံးနေ ထိုင်သည်။ မြို့သူကြီးမှာ ဇာတ်မင်းသား မျှချောမောလှ၍ ဆံပင်လည်း ကောင်း ကောင်း၊ အရပ်အမောင်းလည်းပြေပြစ် လှသည်ဆို၏။ ဇနီး ၄ ယောက်ရှိသည်။

ထိုအရပ်တွင် အပေါက်နှိုက်ဓလေ့ ရှိသည်ဟု ဦးကြာစိုးက သူ၏မှတ် တမ်း၌ ဖော်ပြထားပါသည်။
“အပေါက်နှိုက်ဆိုသည်မှာ မိန်းမ ပျိုရှိသောအိမ်တို့၌ မိန်းမပျိုအိပ် သောအိပ်ရာဘေးမှ လက်တစ်ခု ၀င်နိုင်ရုံအပေါက်ဖောက်ထားခဲ့ လေသည်။ အိမ်တို့မှာ ထိုအရပ် ဒေသ၌ အများအားဖြင့် လက်ခုပ် တစ်ဖောင်ခန့်မြင့်၏။ မြေပေါ်တွင် အခုအခံထား၍ အပေါက်ကိုနှိုက် နိုင်သည်။ လက်ဖြင့်နှိုက်ရာ အိမ် ရှင်အပျိုက မည်သူလဲဟု ပထမ မေးလေ့ရှိ၏။ အပေါက်နှိုက်သူက ကိုယ့်အကျိုးအကြောင်းကိုပြောဆို လျက် မေတ္တာသက်ဝင်ရန် လူပျို စကားပြောရသည်။ အိမ်ရှင်မိန်းမ ပျို၌ ချစ်ခင်သူရှိက အတော် အတန်စကားပြောပြီး မိန်းမပျိုက နေရာလွှဲလေသဖြင့် အပေါက် နှိုက်သူမှာ ခြင်ကိုက်ခြင်းသာ ခံရ လေတော့သည်။ မေတ္တာဆက်၍ အပေါက်နှိုက်ခြင်းကို ၄၊ ၅၊ ၆ ရက်ရှိအောင်စံစားရမှ ထိမ်းမြား ရန်ကိစ္စကို လူကြီးတို့အား ဆောင် ရွက်ရန် အသိပေးသည်”
ဟု ဦးကြာစိုးက ဖော်ပြထား သည်။

ဤ အပေါက်နှိုက်ဓလေ့သည် ထိုဒေသတွင်သာမက မြန်မာပြည် အခြားအရပ်ဒေသများတွင်လည်း ရှိခဲ့ဖူး ပါသည်။ အချို့အရပ်ဒေသတို့တွင် ယခု ထိပင်ရှိကြသေးသည်ဟု သိရသည်။ စစ်သောင်ရွာသင်္ဘောဆိပ်နှင့် တမူးမြို့မှာ ၃၆ မိုင်ဝေးသည်။ တောင်ဆင်းတောင် တက်များပြားသည့်အတွက် လမ်းပန်း ဆက်သွယ်ရေးမကောင်းပါ။ ထိုခေတ် အရာရှိများမျက်စိနှင့်ပင်လျှင် အလွန်ဆိုး သောလမ်းဖြစ်၏။ ထို့ကြောင့် ထိုဒေသ သို့တာဝန်ကျသောမည်သည့်အရာရှိမျှ ဇနီးမယားကို ခေါ်ဆောင်မလာကြချေ။ ထိုအခါ အဖော်မဲ့နေသောအရာရှိအတွက် သြဇာတိက္ကမရှိသောရွာခံများက ယာယီ ဇနီးရှာဖွေပေးကြသည်။ ၄င်းတို့နယ် အတွင်းမှ အတော်အသင့်လှပယဉ်ကျေး သောမိန်းမပျိုတစ်ယောက်ကိုကောက်ယူ ကာ “နန်းစဉ်မိဖုရား”အမည်ထား၍ မြို့ပိုင်များနှင့်ထိမ်းမြားပေးလေ့ရှိကြသည်။

နန်းစဉ်မိဖုရားသည် သူနှင့်ထိမ်းမြား သောမြို့ပိုင်အတွက် မယားဝတ္တရားကုန် စင်အောင်ဆောင်ရွက်ကြရ၏။ ထမင်း ပင်အတူမစားရဲပါ။ အရာရှိမင်းထမင်း စားစဉ် အပါးတွင် ပုဆစ်တုပ်လျက် ယပ် ခတ်ပေးရသည်။ လိုအပ်သမျှဆောင် ရွက်ပေးရသည်။ အိမ်ထောင်ထိန်းသိမ်း ခြင်း၊ အိမ်မှုကိစ္စဆောင်ရွက်ခြင်းတို့ အပြင် မြို့ပိုင်မင်းရုံးဆင်းချိန်တွင်ကောင်း မွန် စွာဖြီးလိမ်းပြင်ဆင်လျက် ခရီးဦး ကြိုရသည်။ ခြေဆေးပေးရသည်။

လင်ဖြစ်သူမြို့ပိုင်မင်း ထိုမြို့မှ ပြောင်းရွှေ့သွားခဲ့သော် မင်းသည် သူ၏ နန်းစဉ်မိဖုရားကို တွယ်တာစွဲလမ်းပါက ခေါ်ယူသွားနိုင်၏။ ခေါ်မသွားလိုပါ လျှင် လက်ရှိဆင်ထားသောအ၀တ်အစား များအပြင် နောက်ထပ်တစ်နှစ်စာ အ၀တ် အစားများနှင့် ရွှေလက်ကောက် တစ်ရံ၊ ငွေ ၃၀၀ကျပ်ပေးခဲ့ရသောထုံးစံရှိသည်။ အသစ်ရောက်လာသောမြို့ပိုင်မင်းက ကျန်ခဲ့သည့် နန်းစဉ်မိဖုရားကို ဆက်ခံ ရန်ဖြစ်သည်။ အိမ်တစ်လုံးနှင့် မြင်း တစ်ကောင်အသင့်ရှိသည်။ မြင်းဈေးက မကြီးလှပါ။ အတော်အသင့်ကောင်း သော မြင်းတစ်ကောင်ကို ၅၀ ကျပ်သာ ပေးရ၏။ မြို့ပိုင်အဆင့်ရှိသူနှင့် လျောက် ပတ်သောအိမ်တစ်လုံး၏လခမှာလည်း တစ်လ ၁၀ ကျပ်မျှသာဖြစ်သည်။

ဦးကြာစိုး မြို့ပိုင်တာဝန်ဖြင့် တမူး မြို့သို့ရောက်သွားချိန်က နန်းစဉ်မိဖုရား ကင်းမဲ့နေသည်။ သူ့အလျင်ကအမှုထမ်း သွားသောမြို့ပိုင်ဦးဘတူက သူ၏နန်း စဉ်မိဖုရားကို သူနှင့်တစ်ပါးတည်းခေါ် သွားသောကြောင့်ဖြစ်သည်။ ဦးဘတူ၏ နန်းစဉ်မိဖုရားမှာ မိတုပ်ရွာသူ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ယောက် ဖြစ်ရာ ဦးဘတူမကျန်းမာစဉ်တွင် စေတ နာအရင်းခံထားကာပြုစုခဲ့သည့်အတွက် တွယ်တာသွားကာ သူပြောင်းရွှေ့ ရာသို့ ခေါ်သွားခဲ့သည်ဆို၏။ အိမ်သူမပါရှိ သောအရာရှိအတွက် နန်းစဉ်မိဖုရားထား ပေးရသော ထူးဆန်းသည့်အကြောင်း အရာကို ဦးကြာစိုး၏မှတ်တမ်းကြောင့် သာ သိခွင့်ရပါသည်။ ထိုအချိန်က ၁၉၂၄-၂၅ ခုနှစ်လောက်ဖြစ်သည်။ ဦးကြာစိုးအတွက် နန်းစဉ်မိဖုရားအသစ် ရှာပေးရ၊ မပေးရကို စဉ်းစားရန်ချန်ထား ခဲ့ပါသည်။

ထိုခေတ်က အခြား ခေါင်သောမြို့ ရွာများတွင်လည်း ထိုကဲ့သို့ပင်ပြုလုပ် သည့်စနစ်များ ဆင်ဆင်ရှိပါသည်။ သို့ သော် တမူးမြို့ကအခေါ်အဝေါ်ဖြစ်သော “နန်းစဉ်မိဖုရား”ဆိုသည်ကပင် တစ်မျိုး ထူးခြားနေပါ၏။ စာရေးသူ၏ဖခင်ပြော ပြသည်မှာ ထိုနန်းစဉ်မိဖုရားများသည် များသားအားဖြင့် သားသမီးမရကြ ဆို သည့်အချက်ပင်ဖြစ်၏။ ရရှိပါကလည်း တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်ပါသည်။

သူကောင်းဦးကြာစိုး၏သမီးမှာ သူကောင်းဒေါ်ခင်စိန်ဒိုင်ဖြစ်သည်။ သူ ကောင်းဒေါ်ခင်စိန်ဒိုင်သည် အိုင်စီအက် ဦးချစ်ဖေနှင့်လက်ဆက်သည်။ ပွားစီး သည့်သားသမီးများအနက် စာရေးသူနှင့် ငယ်စဉ်ကပင် သူငယ်ချင်းဖြစ်ခဲ့သည့် ပါစီချစ်ဖေသည် ယခုအခါ အငြိမ်းစား သံအမတ်ကြီးဦးကြာညိုချစ်ဖေဖြစ်နေ လေပြီ။




မောင်သန်းဆွေ၊ထားဝယ်၊


ကိုးကားချက်
၁။ သူကောင်းဦးကြာစိုး၏ မှတ်တမ်း
၂။ ကထိကဒေါ်အုန်းကြည်၊ သမိုင်း ဌာန၊ မကွေးဒီဂရီကောလိပ်၏ စလင်း သူကောင်းသမိုင်းအကျဉ်း
၃။ အရှင်စိန္တာမဏိထေရ်ပြုစုသော စလင်္ဂသမန္တ၀ိသောဒနီ သမိုင်း အကျဉ်း
၎။ ၁၁၄၂ ခုနှစ်၊ စလင်းမြို့မစစ်တမ်း ရွှေတိုက်တော်ထက်
၅။ တွင်းစားရိုးသူကောင်းပြု သမာဓိ တရားသူကြီးဦးရိုးဖေ၏ ရေနံ ချောင်းမြို့ ပခ စာတမ်း


သားတို့ သမီးတို့ ကြီးလာရင် ဖတ်ကြည့်ရအောင်ပေါ့။

အလုပ် အကြောင်း - ၂

ဝါ့ဒ်ထဲကို ပထမဆုံးရောက်တော့ တကယ့် အူကြောင်ကြားပေါ့။ ကိုယ့်အရင် လုပ်နေနှင့်တဲ့ နှစ်ယောက်ကလည်း ညည်းလိုက်တာ ဆိုတာ။ သူတို့ကိုကြည့်ပြီး ကိုယ်လည်း တော်တော် လန့်တာပေါ့။ ပထမစစချင်း ကျန်မလုပ်ရမယ့် ဌာနက အရိုးကု လေ။ အရိုးဆရာဝန်ဆိုတာ မြန်မာပြည်မှာတော့ မသိဘူး။ ဒီနိုင်ငံမှာတော့ ပြည်သူချဉ်ဖတ်ပဲ။ ဒါတွေကိုလည်း မသိခဲ့ဘူးပေါ့နော်။

စကားကြုံလို့ အရိုးကုဆရာဝန်တွေကို ဘာလို့ ချဉ်ဖတ်ဖြစ်ရလဲဆိုတာ ထည့်ပြောဦးမယ်။ သူတို့တတွေက ဆာဂျင်တွေ ပေမယ့် ပိုပြီး အလုပ်ရှုပ်တဲ့သူတွေပေါ့။ ဒီနိုင်ငံမှာကလည်း အရွယ်ပေါင်းစုံက အရိုးပြသနာရှိလေရဲ့။ ကလေးပေါက်စ အူဝဲလေးတွေကလည်း မွေးကတည်းက ၀လို့ပြုလို့ အရိုးတွေကျိုးတတ်တယ်။ နည်းနည်းကြီးလာတဲ့ ကလေးကျတော့လည်း မိဘက ကောင်းကောင်းမကြည့်တာနဲ့၊ တချို့ဆိုးတဲ့ မိဘကျတော့ နှိပ်စက်တာနဲ့ ကလေးတွေက တဖြောင်းဖြောင်းပေါ့။ ဆော့တဲ့အရွယ်ရောက်လာတော့လည်း ဒီက ကလေးတွေဆိုတော့ မြန်မာပြည်မှာလို့ ဟဲ့ ဘာညာ ပြောမယ့်သူ မရှိတော့ စကိတ်စီးလိုက်၊ ထရမ်ပိုလင်း ခုန်လိုက်၊ ဆိုင်ကယ်စီးလိုက်၊ သစ်ပင်ပေါ်တက်လိုက်နဲ့ အရိုးတွေကျိုးပြီး ဆေးရုံရောက်ကြပြန်ရော။ လူငယ် လူရွယ်တွေကတော့ မပြောနဲ့တော့ ဆိုင်ကယ်စတန့်တွေ၊ အက်စီးဒင့်တွေအပြင် နံရံကို လက်သီးနဲ့ထိုးမိတယ် ဆိုတဲ့မောင် တွေကလည်း အပတ်စဉ်ဆေးရုံကို အားပေးနေကြတာ။ မိန်းကလေးဆိုလို့ အရိုးမကျိုးဘူး မထင်နဲ့၊ ဟိုနား ချော်လဲ ဒီနားချော်လဲ၊ ဒေါက်ဖိနပ်ပေါ်က ချော်ကျ ... ဟော ... ဆေးရုံရောက်လာပြန်ရော။ အသက်ကြီးသွားတဲ့ အဖိုးကြီး အဖွားကြီးများကျတော့လည်း နည်းနည်းပါးပါး ချော်ချက်လဲလိုက်တာနဲ့ အရိုးက ကျိုးပြန်ရောလေ။ အသက် ၁၀၁ နှစ် အဖွားကြီးကိုတောင် တွေ့ခဲ့ရသေးတယ်။ အသက် ၄၀ ၅၀ တန်းတွေကျတော့ အရိုးတော့ မကျိုးဘူး။ ဒူးနာ ခါးနာ ရောဂါတွေနဲ့ ဒူးခေါင်း အသစ်လဲတာတို့ တင်ပဆုံ အသစ်လဲတာတို့ လာလုပ်ကြတော့ ဆေးရုံမှာ သူတို့တွေလည်း ရှိတာပေါ့။

အဲ့ဒါကြောင့် တခြား အထူးကုတွေထက်စာရင် အရိုးအထူးကုတွေက ပိုပြီး အလုပ်များပါတယ်။ ဒါကတော့ လူတွေက သိသိကြီးနဲ့ မျက်စိမှိတ်ပေးထားတဲ့ အချက်။ အလုပ်များပေမယ့် ကောင်းတဲ့အချက်က အရိုးပြန်ဆက်တာ ဘာညာက သူတို့ နည်းသိရင် လွယ်တယ်ပေါ့။ ဒါကတော့ ပညာရပ်အပိုင်း၊ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေး မရှိလှဘူးပေါ့။ ပြီးတော့ များသောအားဖြင့်က ကျန်းမာတဲ့သူတွေမှပဲ အရိုးကျိုးလောက်အောင် ဖြစ်ကြတာဆိုတော့ ပြန်ကောင်းတာကလည်း မြန်တယ်လေ။ ကျန်တဲ့ ကျန်းမာရေးအပိုင်းကို သိပ်လှည့်ကြည့်စရာ မလိုဘူးပေါ့။ အဲ့ဒီတော့ အရိုးဆရာဝန်တွေက အရိုးကလွဲရင် ဘာမှ စိတ်မ၀င်စားကြတော့ဘူးတဲ့။ ဟာသ တစ်ပုဒ်တောင် ရှိတယ်။ အရိုးက လွဲရင် ဘာမှ စိတ်မ၀င်စားဘူးလို့တော့ မပြောပါနဲ့တဲ့။ အရိုးရဲ့ အပေါ်နဲ့ အောက်က အဆစ် ၂ခုလည်း ကြည့်ပါတယ် ... ဆိုပြီးတော့လေ။

သူတို့တွေက အရိုးကလွဲပြီး တခြား ချောင်းဆိုးတာ၊ နာတာ၊ ဆီးကျင်တာ၊ ၀မ်းချုပ်တာ၊ ရင်ဘတ်အောင့်တာ စသဖြင့် အဲ့လိုဟာတွေကျရင် တခြား အထူးကု ဆရာဝန်တွေကို ခေါ်ကြည့်ခိုင်းကြရော။ သူတို့နဲ့ မဆိုင်ဘူးပေါ့။ အဲ့ဒီမှာ ပြသနာက စတာပဲ။ ဟုတ်တော့လည်း ဟုတ်နေပြန်ရောလေ။ အရိုးဘက်ကကြည့်တော့လည်း ငါတို့က ကုမှ မကုတတ်တာ... ဒါကို ကုတတ်တဲ့သူ ကြည့်တာပိုကောင်းတာပေါ့ဆိုပြီး လွှဲခိုင်းပါလေရော။ အဲ့လို လွှဲခိုင်းလို့ ဟိုဘက်နဲ့ဆိုင်တဲ့ ရောဂါတစ်ခု ပေါ်လာတာနဲ့ ... အရိုးဘက်ကနေ ဆေးရုံဆင်းခိုင်းပြီး ဟိုဘက်ကနေပဲ ကုပစေတော့ဆိုပြီး လုပ်ပါလေရော။ အရိုးဘက်က ကြည့်တော့လည်း ခွဲပြီးရင် ပြီးနေပြီပဲလေ။ အရိုးဆက်ဖို့ အချိန်က ကြာဦးမှာပဲ။ တခြားရောဂါကို ဟိုဘက် အထူးကုအောက်မှာ ဆက်ကုရမှာပေါ့။ ဟိုဘက်က အထူးကုက ကျတော့လည်း အရိုးလူနာကို သူတို့ဆီ မလိုချင်ဘူးပေါ့။ အဲ့ဒီမှာ ဘော်လီဘောဇာတ်လမ်းတွေစတော့တာပါပဲ။

ကံဆိုးချင်တော့ သူတို့ အကြီးတွေက ဘာမှ လုပ်ရတာ မဟုတ်ဘဲ၊ ကျန်မတို့လို အငယ်တွေကပဲ အမုန်းခံပြီး ပြောရတာလေ။ ဟိုဘက် ဒီဘက် နှစ်ဘက်ကြားမှာ ညပ်တော့တာပေါ့။ သူတို့ကတော့ အရိုးဆရာဝန်ဆိုပြီး ဘာမှ သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ အငယ်တွေက တဆေးရုံလုံး ပတ်ပြီး လုပ်ရမှာဆိုတော့ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ရသေးတယ်။ အရိုးဌာနမှာ အရိုးရှောင်ရတဲ့ အလုပ်ကတော့ မလွယ်ရေးချ မလွယ်ပေါ့လေ။

Thursday, 24 June 2010

အလုပ် အကြောင်း - ၁

စစချင်း အလုပ်ရပြီဆိုတုန်းက ပျော်တဲ့ အပျော်တွေက တကယ် အလုပ်လုပ်ဖို့ စာရွက်စာတမ်းတွေ တင်ရတဲ့အခါမှာ တဖြည်းဖြည်း လျော့သွားပါလေရော။ အတွေ့အကြုံကလည်း မရှိတော့ အလုပ်က ပို့လိုက်တဲ့ စာရွက်ကို ရက်လိုသေးတယ်ဆိုပြီး ဗီရိုထဲ သိမ်းထားလိုက်တာပေါ့။

နောက်တော့မှ သိရတာ အဲ့ဒီစာရွက် ပြန်ပေးပြီးနောက်ပိုင်းမှာ နောက်ထပ် လုပ်စရာ စာရွက်စာတမ်းတွေ တပုံကြီးကျန်နေသေးတာပဲ။ အဲ့ဒီလိုနဲ့ စာတိုက်ကနေ အမြန်ဆုံးနည်းနဲ့ပို့တာတောင် ၂ ရက်ကြာတဲ့ နေရာနဲ့ စာသွားစာလာတွေ တော်တော် လုပ်လိုက်ရတယ်။

ပြီးတော့ ရက်ဖရီ တောင်းတော့လည်း ကိုယ်ပေးတဲ့ ရက်ဖရီက ဆေးရုံအလုပ်ကို အတူတူ လုပ်ခဲ့ဖူးတဲ့သူ မဟုတ်တော့ အသစ် ထပ်ရှာပြီး ပေးရပြန်ရော။ ဆရာသမားများရဲ့ စောင်မမှုနဲ့ အဆင်တော့ ပြေသွားတာပေါ့လေ။

အဲ့ဒီလိုနဲ့ အလုပ်စ၀င်ဖြစ်ပါလေရော။ စစချင်း ပထမ တစ်ပတ်မှာ အိုရီရင်တေးရှင်း တက်ရပါတယ်။ တနေ့တနေ့ အဲကွန်း အခန်းထဲမှာဝင်ထိုင်ပြီး တစ်ယောက်ပြီး တစ်ယောက် ပြောသွားတာတွေ နားထောင်၊ စာရွက်တွေယူ။ သူတို့လည်း ပြောပြီးသွားရော ခေါင်းထဲလည်း ဘာမှ မကျန်သလိုပဲ။ စစ်စတမ်ကြီးတစ်ခုလုံးကို မြင်မှ မမြင်သေးတော့ နည်းနည်းတော့ အူလည်လည်ပေါ့။

ရယ်စရာ တစ်ခု ရှိသေးတယ်။ complaints and compliments ဆိုပြီး လာဟောပြောတဲ့အခါမှာ မေးခွန်းလေးနဲ့ စ ပါတယ်။ ငါတို့က ကွန်ပလိန့်တွေ ကြားချင်သလား ပေါ့။ ကျန်မလည်း ရိုးရိုးပဲ စဉ်းစားပြီး မကြားချင်ပါဘူးပေါ့။ အသံက တော်ရုံသိပ်မထွက်လို့ တော်သေးတယ်။ ကျန်တဲ့သူတွေက ကြားချင်ပါတယ်လို့ ဖြေနေတယ်လို့ မှတ်တာ... တကယ်ပါပဲ... အဖြေမှန်က ကြားချင်ပါတယ် ဖြစ်ရမှာ။ ကွန်ပလိန့်တွေကို ကြားမှ ပြင်ဆင်ဖို့ တိုးတက်ဖို့အတွက် နည်းလမ်းတွေ စဉ်းစားနိုင်မယ်လေ။ အခုတော့ သိသွားပါပြီလေ။

Wednesday, 23 June 2010

၂၀၀၉

အိမ်အသစ်လေးနဲ့ စခဲ့တဲ့ ၂၀၀၉ အစပိုင်း မှာ ကျန်မတို့ မိသားစုလည်း တက်ကြွဖျတ်လတ်နေတာပေါ့။ ၆လ ဗီဇာနဲ့ လာနေတဲ့ မာမီတို့ ပြန်ခါနီးမှာ ကျန်မနောက်တစ်ခေါက် စာမေးပွဲဖြေဖို့ ရက်ရပြန်တယ်။ အဲ့ဒီလိုနဲ့ ဆောင်းဝင်ကာစ Melbourne မြို့ကို ရောက်ခဲ့ပြန်တယ်။

အေးစက်တဲ့ မနက်ခင်းမှာ စာမေးပွဲဖြေရတယ်။ အရင်တခါနဲ့ မတူလောက်အောင် ပိုင်ပိုင်နိုင်နိုင်ဖြေခဲ့ပြီး သိပ်အားရတာပေါ့။ Melbourne မြို့ထဲကိုလည်း လျောက်လည်ဖြစ်တယ်။ မသွားမဖြစ်တဲ့ Rod Laver Arena ကို အရောက်သွားခဲ့တယ်။ အပြန်လမ်းမှာလည်း ပျော်ရွှင်တက်ကြွပြီးတော့ပေါ့။ ဒါပေမယ့် အောင်စာရင်း ထွက်တဲ့နေ့မှာတော့ ဘ၀ကြီးက တစစီ ကြေမွသွားသလိုဖြစ်ခဲ့ရပါတယ်။ သားလေးက ကျန်မငိုတာကြည့်ပြီး စာမေးပွဲဆိုတာ တော်တော် ကြောက်စရာကောင်းတယ်လို့တောင် ထင်သွားပါတယ်။

ဒီလိုနဲ့ပဲ ဘ၀ကို ဆက်ပြီး လှိမ့်ရတာပေါ့လေ။ စစချင်းမှာ မာစတာဘွဲ့အတွက် စာတမ်းရေးဖို့တွေဘာတွေ ပြင်ဆင်ထားတာတွေလည်း ဆက်မလုပ်ချင်တော့ဘူး။ နောက်တခါ ဖြေခွင့်ရတဲ့အထိ အလုပ်ထဲမှာပဲ စိတ်နှစ်လိုက်တော့မယ်ဆိုပြီး အလုပ်ပဲ ဖိလုပ်နေဖြစ်ပါတယ်။ ကံကောင်းချင်တယ် ပြောရမလား... ကျန်မအဲ့ဒီအချိန်မှာ လုပ်နေတဲ့ ဌာနက ကျန်မသိပ်ကြိုက်တဲ့ ဘာသာရပ်ဖြစ်ပြီး အဲ့ဒီက ဘော့စ် တွေက ကျန်မကို နောက်နှစ်မှာ အဆင့်ကျော်ပြီး ရာထူးတိုးပေးဖို့ အထိ ဆုံးဖြတ်လိုက်ပါတယ်။ အရှုံးထဲက အမြတ်ပေါ့။ အဲ့ဒီ ရာထူးတိုးပေးတဲ့စာ ရောက်လာတုန်းက ကျန်မတို့မိသားစုက Great keppel island ကို သွားလည်နေတုန်းပေါ့။ ပျော်လိုက်တာဆိုတာလေ။

Domestic violence ကိစ္စတွေမှာလည်း ကြားဝင်ပါပြီးတော့ တရားရုံးတွေ ဘာတွေ ရောက်ဖူးသွားတယ်။ ခင်မင်ခဲ့တဲ့ မိတ်ဆွေတချို့ကိုလည်း မတူညီကြတဲ့ အယူအဆတွေကြောင့်ပဲ လက်လွှတ်လိုက်ရတယ်ပေါ့။

နောက်ပြီးတော့ ကို့ အလုပ်လေးကလည်း အခြေကျသလောက် ဖြစ်လာပြီ ဆိုပြီးတော့ ကားတစ်စီးထပ်ဝယ် ဖြစ်ခဲ့ပါတယ်။ အကြွေးပေါ် အကြွေးတွေ ဆင့်လာတာပေါ့လေ။

၂၀၀၉ မှာ အရေးအကြီးဆုံး နဲ့ အဓိက အကျဆုံး အပြောင်းအလဲကတော့ သမီးလေးကို ကိုယ်ဝန်ရတာပါပဲ။ သားလေးနဲ့ အသက်အရမ်းကွာမှာစိုးလို့ ကလေးယူမှ ဖြစ်တော့မယ်ဆိုတဲ့ အချိန်မှာ သမီးလေးက မြန်မြန်ဆန်ဆန်ပဲ ရောက်လာခဲ့ပါတယ်။ အစစ အရာရာ ပြင်ဆင်နေခဲ့တာပေါ့။

၂၀၀၉ မှာ အရှိန်ယူလာတဲ့ အရာတွေ အားလုံးဟာ ချိန်ကိုက်ဗုံးတစ်လုံးလို ၂၀၁၀မှာ တတီတီ မြည်လာတော့မယ်ဆိုတာကိုတော့ လုံးဝမသိခဲ့ပါဘူး ရှင်။

Tuesday, 22 June 2010

၂၀၀၈ ခုနှစ်မှာ ထူးခြားတဲ့ အဖြစ်အပျက်လေး နည်းနည်းရှိတယ်။

နှစ်စစချင်းမှာ အပြောင်းအရွှေ့တွေနဲ့ အလုပ်တွေ များနေလိုက်တာ သားလေးက ခရီးပန်းပြီး နေမကောင်းဖြစ်တယ်။ တော်တော်လေး ဖျားလိုက်တယ် ပြောရမယ်။ ညနေဘက် အလုပ်က ပြန်လာတော့ ကားပေါ်မှာပါတဲ့ပုံလေးကို မျက်စိထဲက မထွက်ဘူး။ ချောင်ကျပြီး ဟောဟဲ ဆိုက်နေပြီ။ မဖြစ်သေးပါဘူးဆိုပြီး အရေးပေါ်မှာ ပြလိုက်တော့မှ အသက်ရှုနှုန်းက ၆၆ ဖြစ်နေပြီ။ အဲ့ဒါနဲ့ ဆေးရုံတစ်ည တက်လိုက်ရတယ်။ ချဲတွေဘာတွေ ထုတ်လိုက်ပြီးတော့ နောက်တစ်နေ့မှာတော့ ဆေးရုံဆင်းလို့ရသွားပါတယ်။ အရေးပေါ်မှာ စောင့်ဖူးသွားတာပေါ့။

အလုပ်ရှာနေတဲ့ ကို က ကံကောင်းစွာနဲ့ ကျန်မတို့ ဆေးရုံမှာ ရုံးစိုက်တဲ့ အဖွဲ့မှာ အလုပ်ရတယ်။ ရချင်တော့လည်း ချက်ချင်းဆိုသလို ဖြစ်သွားတော့ သားလေးကို ထိန်းဖို့ နေရာရှာရတော့တယ်။ တညနေပဲ အသည်းအသန် ရှာလိုက်ပြီး ပထမဆုံးတွေ့တဲ့child careမှာ ထားဖြစ်တယ်။ နောက်မှ သိလိုက်ရတာက အဲ့ဒီ child care က တော်တော်လေး နာမည်ရှိတယ်ဆိုပဲ။ တော်ပါသေးရဲ့။ ကလေးရဲ့ ကုသိုလ်ကံပဲ ပေါ့လေ။ သားလေးက အဖေနဲ့ တော်တော်လေး နေလိုက်ရတော့ ကျောင်းသွားရတာ မပျော်ဘူး။ နေ့တိုင်း ငိုတယ်။ ဆစ်ဒနီမှာတုန်းက မြန်မာအိမ်ကိုပဲ ပို့တာဆိုတော့ သိပ်ပြသနာ မရှိပေမယ့် အခုကျတော့ သူမြင်နေမကျတဲ့ ဘိုတွေချည်းပဲ ဖြစ်နေတာလည်း ပါမယ်။ သားလေးကို ကျောင်းပို့ပြီး ပြန်လာတဲ့ လမ်းမှာ လင်မယားနှစ်ယောက် ဘယ်လောက် စိတ်ညစ်ရသလဲဆိုတာ ပြန်တောင် မတွေးရဲဘူး။ ကို ဆို မျက်ရည်တောင် ကျတယ်။ အလုပ်ပဲ ပြန်ထွက်ရမလားဆိုပြီး အမြဲတမ်း စဉ်းစားတယ်။ ဒါပေမယ့် အလုပ်ကလည်း လိုသေးတယ်လေ။ ဆရာမတွေကလည်း ကြိုးစားပါတယ်။ သားလေးက အင်္ဂလိပ်လို မပြောသေးတော့ သူတို့က မြန်မာစာလုံး နည်းနည်းကို မေးပြီး သားလေးကို အင်္ဂလိပ်လိုနဲ့ တွဲသင်ပေးကြပါတယ်။ သားလေး အဆင်ပြေမှာပါဆိုပြီး ကျိတ်မှိတ်ထားရတယ်။ နောက်တော့မှ အဲ့ဒီက ဆရာမတွေနဲ့ ခင်လာတဲ့အခါ သားလေးက နေသားကျသွားပါတယ်။ နောက်ပိုင်း မာမီတို့ ရောက်လာတဲ့အခါတော့ ကျောင်းမပို့ဖြစ်တော့ဘူးပေါ့လေ။

သားလေးမပါဘဲ ညအိပ်ခရီးကို ပထမဆုံးသွားဖြစ်တယ်။ Townsville ဆိုတဲ့ မြို့ကို စာမေးပွဲ အတွက် သွားတာပေါ့။ တော်တော်ပူတဲ့ မြို့ပဲ။ သားလေကို လွမ်းတာလည်း ပါတာပေါ့လေ။ စာမေးပွဲအပူက တစ်မျိုး။ အေးချမ်းအောင်ဆိုပြီး ဈေးလေးဘာလေး ပတ်မယ်လုပ်တော့ အဲ့ဒီမြို့က ဆိုင်တွေက စနေနေ့ ပိတ်တယ်တဲ့။ တရုတ်ဆိုင် ကုလားဆိုင်တွေ ပိတ်ထားတဲ့ နေ့လည် ခေါင်ခေါင်ကြီးမှာ ကျန်မတို့ ၃ယောက် (ဆေးရုံကနေ စာမေးပွဲအတူတူလာဖြေတဲ့သူတွေ) မက်ဒေါနယ် ၀ယ်စားခဲ့ရတာပေါ့။ စာမေးပွဲကတော့ အောင်မလာပါဘူး။ ပျော်တာတော့ တော်တော် ပျော်ခဲ့တယ်။

နောက်တခါ Brisbane ကို စာမေးပွဲအတွက် သွားပြန်ရော။ ကံကောင်းပြီးတော့ ဟိုတယ်မှာ suite တွေဘာတွေနဲ့ နေလိုက်ရတယ်။ ဘရစ်စ်ဘင်က Queen street mall ကိုလည်း တောင်ပိုင်းရော မြောက်ပိုင်းရော နှံ့အောင် ပတ်ခဲ့တာပါပဲ။ ဒါပေမယ့် စာမေးပွဲကံက ခေ ပြန်ရောကွယ်။

စိတ်ညစ်ညစ်နဲ့ အလုပ်မှာ လိမ့်ကာ ပတ်ကာနေရင်းကနေ အိမ်ငှားစေ့ကာနီးလောက်မှာ အိမ်ဝယ်ဖို့ ဆုံးဖြတ်ဖြစ်တယ်။ တကယ် စိတ်ကူးထဲက အိမ်ကတော့ အပျံစားပေါ့...။ တကယ့်တကယ် ၀ယ်ဖြစ်တော့ စိတ်ကူးထဲကနဲ့ လုံးဝမတူတဲ့ အိမ်သေးသေးလေးတစ်လုံးကို အားလုံး သဘောတူညီစွာနဲ့ ၀ယ်ဖြစ်ခဲ့တယ်။

အိမ်ပြောင်းတဲ့အကြောင်း အဲကွန်းတပ်တဲ့ အကြောင်းတွေကိုတော့ နေးတစ်မှာ ရေးခဲ့တဲ့အတိုင်းပဲ ကူးလိုက်ပါရစေ။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၄ရက်နေ့က ရေးထားတာပါ။

... နွေပေါက်လာပြီဆိုတော့ ရာသီဥတုကလည်း ပူလိုက်တာမှ ... နက်ဖြန်ဆိုရင် နေနဲ့ အနီးဆုံး ဖြစ်တော့မယ်ဆိုလား...။

တီဗီကြော်ငြာမှာတော့ ရေခဲသေတာတွေ ဖရီဇာတွေ အဲကွန်းတွေ အပြိုင်ဈေးလျော့နေကြလေရဲ့။ ကျန်မတို့လည်း အိမ်ပြောင်းစရာရှိတာရော... အိမ်အသစ်မှာ အဲကွန်းမတပ်ရသေးတာရောနဲ့ ခါတော်မီ အဲကွန်းအ၀ယ်ထွက်ကြပါတယ်။ တစ်ရက်တည်းတော့ မဟုတ်ဘူးပေါ့... ရီဆာ့ခ်ျလုပ်တာနဲ့ ဘာနဲ့ တစ်ပတ်လောက် နှစ်ပတ်လောက် အိမ်မှာ ဟော့ထ် ဖြစ်နေတဲ့ တော့ပစ်ပေါ့။

အဖေက စပြီးပြောပါတယ်။ ရန်ကုန်က အဲကွန်းဈေးတွေနဲ့ ယှဉ်ရင် ဒီက ဈေးတွေက အင်မတန်မှာ ခေါင်ခိုက်နေပါတယ်တဲ့..။ ဘာဖြစ်လို့လဲတဲ့...။ ဒါကလွယ်ပါတယ်။ ရန်ကုန်မှာက ဆောင်းတွင်းမှာ အပူ ဖွင့်စရာ မလိုတဲ့အတွက် ကူးလင်းတစ်မျိုးပဲ သုံးကြတာ။ ဒီမှာက အပူရော အအေးရော လိုတဲ့အတွက် ရီဗာ့စ် ဆိုင်ကယ်တွေ သုံးကြတော့ ဈေးက ၂ ဆ လောက် ဖြစ်နေရောပေါ့။

ရန်ကုန်က အဲကွန်းဆိုလို့... ရန်ကုန်မှာ မီးသာမလာတာ၊ (လာရင်လည်း အားပြည့်တာမဟုတ်ပါဘူး) ရှိသမျ အခန်းကို အဲကွန်းတပ်ချင်တာကတော့ ကျန်မပါပဲ။ ပန်းဆိုးတန်းမှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်မေးပြီး ... ပြီးရင် ၀ယ်ချင်တဲ့ဆိုင်မှာ ၀ယ်ချင်သလိုဝယ်တာမျိုးချည်းပါပဲ။ အခု အခြေအနေ မသိပေမယ့် ရန်ကုန်တုန်းက အိပ်ခန်းတစ်ခန်းစာဆိုရင် ၁ ကောင် တို့ ၃ မတ်တို့။ အရင် ကျန်မ ကျောင်းတက်တုန်းက နေတဲ့ အခန်းလေးဆို ၃ မတ် အဲကွန်းလေးနဲ့ အေးလိုက်တာမှ...။ နည်းနည်းကြီးတဲ့ အခန်းဆို ၁ ကောင်ခွဲတို့ ၂ ကောင်တို့...။ သူတို့ အခေါ်တွေပေါ့။ မြင်းကောင်ရေ ကို ပြောတာ ထင်တာပဲ။

ဒီမှာလည်း လိုက်ရှာတော့ ... ၂.၄ ကီလိုဝပ်ဆိုတာ အသေးဆုံး။ ၇.၄ က ပန်နာဆိုးနစ်မှာ အကြီးဆုံး။ ကီလိုဝပ်နော်...။ ကျန်မတို့ကလည်း ၂ကောင်အားလောက်ဆို တော်ရုံအခန်း တော်ပြီပေါ့ ဆိုတဲ့ စိတ်နဲ့ ရှာနေတာ။ ... ဆိုင်ကတွက်ပြလိုက်တယ်.. ကျန်မတို့ လိုချင်တဲ့ အခန်းဆိုရင် ၇.၄ အနည်းဆုံး ... ၈. ကျော်ကျော်ဆိုရင် ပိုအဆင်ပြေမယ်ဆိုပဲ။ သြော်... ကီလိုဝပ်နဲ့ မြင်းကောင်ရေနဲ့ မတူဘူးထင်တယ်ဆိုပြီး အိမ်ပြန်လာပြီး ... တွက်ကြည့်လိုက်တော့... ၇.၄ ကီလိုဝပ်က မြင်းကောင်ရေ ၉.၉ ရှိသတဲ့။

အားသေးတဲ့ အဲကွန်းတပ်ရင် ပိုရုန်းရလို့ မီတာပိုကုန်မယ်... မအေးဘဲနေမယ် စသဖြင့် ဈေးရောင်းသူရဲ့ တရားတွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် နာပြီးသကာလ... အခုနေတဲ့ အိမ်က အဲကွန်းအကောင်တွေ ပြန်စစ်ကြည့်တော့ ... အခု အိမ်ရှေ့မှာဖွင့်တာ ၅ ကီလိုဝပ်ကျော်တယ်... သိပ်မအေးဘူး... အခန်း အရွယ်က အတူတူလောက်ပဲဆိုတော့ ၇.၄ ပဲ ယူပါတော့မယ် ဖြစ်ချင်တာဖြစ် ဆိုပြီး ဆုံးဖြတ်လိုက်ရတယ်။ ပြောရရင်တော့ ၁၀ ကောင်အား အဲကွန်းကို အိမ်မှာ တပ်တယ်ဆိုတာ မကြားဖူးလို့... နှပ်ချခံလိုက်ရပြီပဲ ထင်နေတယ်။

အမယ်... တပ်ဆင်ခလား။ မြန်မာပြည်မှာဆိုရင်တော့ အလကားလိုက်တပ်ပေးတာနော်။ ဒါတောင် ချက်ချင်း လိုက်မလာရင် ကျေနပ်တာ မဟုတ်ဘူး။ တပ်တဲ့ ပစည်းတွေ ဘာတွေဆိုတာ ဆိုင်ကို အဆစ်ကောင်းရင် အလကားရသေးတယ်။ ဒီမှာတော့... တပ်ဖို့ ကျေးဇူးရှင်တွေ ဖုန်းဆက်ခေါ်ရ... ချိန်းရ... အိမ်ကို တိုင်းရနဲ့...။ (အခုထိတော့ မတပ်ရသေးပါဘူး။) တပ်ဆင်ခက အကြမ်းဖျင်း တစ်လုံးကို ၇၅၀-၈၅၀ ယူတယ်တဲ့ နော်။ ဘယ်နှလုံးတပ်တပ် မဆိုင်ဘူးဆိုတာက ပါသေးတယ်။ ခရစ်စမတ်မတိုင်ခင် တပ်ပေးဖို့ကို ခခယယ... ဘွတ်ကင်က ဖေဖော်ဝါရီအထိပြည့်နေတဲ့သူက ရှိသေးတယ်။

အိမ်ကယောက်ျားကိုတော့ ... အီလက်ထရစ်ရှင် အဖြစ်သင်တန်းလေး ဘာလေး မတက်ရကောင်းလားဆိုပြီး ရန်လုပ်နေရတာပေါ့။

အကယ်လို့ အဲကွန်းအကြောင်း နားလည်သူများရှိရင်... နည်းနည်း ရှင်းပြပေးကြပါဦး... စိတ်ထဲမှာ တခုခုတော့ မှားနေသလိုပဲ။ ...

ဒါကတော့ နေးတစ်က ကယ်လ်ဗင်က ပြန်ပြီး ရှင်းပြထားတာပါ။ ဗဟုသုတ အလို့ငှာ ထည့်လိုက်ပါတယ်။

...မြန်မာပြည်မှာ အသုံးများတာ ၃မတ် တကောင် ငါးမတ် တစ်ကောင်ခွဲတွေပါ။ အဲဒါတွေက မြင်းကောင်ရေကိုပြောတာပါ။ သာမာန်အိပ်ခန်းတွေဟာ ၃မတ်လောက်ဆို .. အေးပါပြီ။ ခပ်ကျယ်ကျယ် အိပ်ခန်းဆို တကောင်^ငါးမတ်ပေါ့။ အိပ်ခန်း၂ခန်းစာလောက် ကျယ်တဲ့ ဧည့်ခန်းမျိုး ဆို တစ်ကောင်ခွဲပေါ့။ အခုပြောနေတဲ့ မြင်းကောင်ရေက ကွန်ပရက်ဆာကိုမောင်းတဲ့ မော်တာမြင်းကောင်ရေပါ။ ( အဲဒီဟာကို ကီလိုဝပ်ကနေ ဒါရိုက်ပြောင်းရင် မှားရောတဲ့ .. သူက အပူကိုတိုင်းတာနဲ့ အဲဒါနဲ့ မတူဘူးဆိုပဲဗျ။ )

ကျန်တော်သိတဲ့ ကွန်ဗါးရှင်း ( ဘယ်လိုတွက်သလဲတော့ မသိဘူးနော်။ မှန်တယ်လို့ အာမ မခံဘူး။ ) ကတော့ ဒီလိုဗျ။ ကီလိုဝပ်နဲ့ မြင်းကောင်ရေ မတွက်တတ်ဘူး။ air-con တွေကိ BTU နဲ့ပဲ သိတယ်။ ၉၀၀၀BTU ၁၂ယ၀၀၀BTU ၁၈ယ၀၀၀ BTU ၂၄ယ၀၀၀BTUပေါ့ .. အစားစားပေါ့ဗျာ။

ကျန်တော် သိတာက .. ကိုးထောင်က သုံးမတ်၊
သောင်းနှစ်ထောင်ကို တစ်ကောင်
တစ်သောင်းခွဲဆို ငါးမတ်
သောင်းရှစ်ထောင်ကို တစ်ကောင်ခွဲ
နှစ်သောင်းလေးထောင်ကို နှစ်ကောင် .. စသဖြင့်ပေါ့။

အဲကွန်းနဲ့ အခန်း တွက်တဲ့ ဖေါ်မြူလာက ၁၂ ပေ ၁၅ ပေ အခန်း ( + လူ၂ယောက် + တံခါးတစ်ပေါက် + ပြူတင်းပေါက် တခု ) ဆိုရင် ၉၀၀၀ ဘီတီယူ ( သုံးမတ် ) ဒါဆို အေးပြီ။

အဲဒီတော့ မြင်းကောင်ရေနဲ့ ဘီတီယူ အကြမ်းဖျင်းတော့ သဘောပေါက်လောက်ရောပေါ့။

ကီလိုဝပ်ပြောင်းတာ .. အင်တာနက်ထဲ လိုက်ရှာတော့ ၂.၄ ကီလိုဝပ်ဆိုရင် ( ၂.၄ ကီလိုဝပ် _ ၃၄၁၄ = ၈၁၉၃.၆ ဘီတီယူ ရတယ်။ ) .. ဆိုတော့ကာ .. အဲကွန်းဆိုင်ကပြောတဲ့ ၂.၄ကီလိုဝပ်အသေးဆုံးဟာသည် .. ၈၂၀၀ ဘီတီယူလောက်ပဲ ရှိတော့ ၃မတ်လောက်ပဲ ရှိတာပေါ့။ ( ဒါဆို တော်တော် သေးတယ်ပြောရမယ်။ ) အဲကွန်းထဲ အသေးဆုံးကတော့ ငါးမူးအလွယ်ခေါ်တဲ့ ၅၀၀၀ ဘီတီယူပဲ။ တစ်ယောက်အိပ်ကုတင်နဲ့ စာကြည့်စားပွဲလောက်ပဲ ဆန့်တဲ့ အခန်းမျိုးမှာ တပ်တဲ့ဟာလေးတွေ။

မဆိုက်ဘာပြောတဲ့ ဧည့်ခန်းက ၅ကီလိုဝပ်ကျော်တယ်ဟာက ၅ကီလိုဝပ်ပဲထား .. ၃၄၁၄နဲ့မြှောက် ၁၇၀၇၀ ဘီတီယူ ရတယ်။ သောင်းရှစ်ထောင်ထား တစ်ကောင်ခွဲပေါ့။ အိပ်ခန်း၂ခန်းစာလောက်ပဲရှိမယ့် သာမာန်ဧည့်ခန်းတွေ တစ်ကောင်ခွဲတပ်တယ်။ နဲနဲကျယ်ရင် တစ်ကောင်ခွဲနဲ့ သိပ်မအေးတော့ဘူး။

နောက်ဆုံးပြောရရင် ၇.၄ ကီလိုဝပ် အကြီးဆုံးဆိုတဲ့ အဲကွန်းက ၂၅၂၆၃.၆ ဘီတီယူရှိတယ် .. မြန်မာပြည်မှာဆို အဲဒါ နှစ်ကောင်ပေါ့။ ( ဧည့်ခန်း တော်တော်ကျယ်မှ အဲဒီကောင်ကို တပ်ပါ။ မဟုတ်ရင် အလကားပဲဗျ။ တအားအေးပြီး အအေးချိန်ထိန်းရတာ ခက်တယ်။ ) ကွန်ပျူတာသင်တန်းတုန်းက စက် ဆယ်လုံးလောက် စားပွဲဆယ်လုံးနဲ့ ထားတဲ့ အခန်း အိပ်ခန်း သုံးခန်းစာလောက်ရှိတဲ့ အခန်းကို ၂ကောင်တပ်လေ့ရှိတယ်။ မန်းလေးက ပူတာရယ် ကွန်ပျူတာတွေ ပူတာရယ် လူဆယ်ယောက်အထက် အခန်းထဲနေမှာရယ် .. တွက်ထားတာပါ။ )

ဒီလောက်ဆို .. ရှင်းမယ် ထင်ပါတယ်ခင်ဗျ။ သိချင်တာရှိရင် ထပ်မေးပါ။ မှားနေတာရှိရင်လည်း ပြင်ပေးကြပါခင်ဗျာ။ ...

ဒါကတော့ နောက်ဆက်တွဲလေးပါ။ ၂၀၀၉ခု ဇန်န၀ါရီ ၁၄ ရက်က ရေးခဲ့တာပါ။

... အင်တာနက်က အခုမှ ကောင်းကောင်းရလို့ အဲကွန်း နောက်ဆက်တွဲဇာတ်လမ်းလေး ရေးချင်နေတာ ရေးလိုက်ဦးမယ်။

အပေါ်က ပို့စ်တွေမှာ ပြောခဲ့သလို အဲကွန်း ၂လုံး ၀ယ်ပြီး သကာလ အိမ်ပြောင်းဖြစ်ပါတယ်။ (အိမ်ပြောင်းတဲ့ ဇာတ်လမ်းက တစ်ပုဒ်ရေးလို့ရသေးတယ်။)

အိမ်ပြောင်းတဲ့ အချိန်က ခရစ်စမတ် ပိတ်ရက်ကလည်းဖြစ် ကျန်မတို့မြို့မှာ အပူဆုံးလည်း ဖြစ်နေတော့... အဲကွန်း ဆရာတွေ ပင့်မရတဲ့ ပြသနာက စပါတယ်။ နောက်တော့ အိမ်နီးနားချင်း အဲကွန်းသမားတစ်ယောက်ကို အိမ်ပွဲစားက မိတ်ဆက်ပေးတာနဲ့ သူက လာကြည့်ပါတယ်။ (အိမ်ပွဲစားနဲ့ အဲကွန်းကောင်က ရပ်ဘီ ကစားဖက်တွေဆိုလား။)

အဲကွန်း သမားကလည်း ကြည့်ပြီးတော့... တပ်လို့ရမယ်။ သူ့ကားဂိုဒေါင်ထဲမှာ လိုအပ်တဲ့ ပစည်းတွေ ရှိတယ်၊ အမြန်ဆုံးတပ်ပေးမယ် ဆိုတော့ အိုကေပေါ့။ ဒါပေမယ့်တဲ့ မီတာဘောက်ကနေ ၀ိုင်ယာကြိုးတပ်ဖို့ မီတာဘောက်စ် စစ်ဖို့ စသဖြင့် လျပ်စစ်သမား ခေါ်ရမယ်တဲ့။ ဟမ်... နင်က ဘာတုန်း .. ဆိုတော့ ... ဖရစ်ဂျီ တဲ့။ အော်စီဘာသာနဲ့ အဲကွန်းတို့ ရေခဲသေတာ တို့ တပ်တဲ့သမားကို ပြောတာထင်တာပါပဲ။

အဲ့ဒါနဲ့ လျပ်စစ်သမား ထပ်ခေါ် ရပြန်ရော... သူ့ သူငယ်ချင်းပဲ။ အိမ်အပြင်က သွယ်ရမလား အိမ်အတွင်းက သွယ်ရမလား ပေါ့...။ အပြင်ကသွယ်လည်း အရေးမကြီးပါဘူး... မြန်မြန်ပြီးရင် ပြီးတာပဲ ဆိုတော့...။ အိမ်အပြင်က သွယ်ရင် ဈေးပိုကြီးတယ်တဲ့။ ဖြစ်ပြန်ရော..။ အဲ့ဒါဆိုလည်း မျက်နှာကြက်ထဲက ၀င်သွယ်ပေါ့.. ဆိုတော့ ကျေးဇူးရှင်က မျက်နှာကြက်နဲ့ မဆန့် ဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ အိမ်အပြင်ကပဲ သွယ်လိုက်ပြီး... လျော့ဈေးနဲ့ ရလိုက်ပါတယ်ပေါ့...။

ဈေးနှုန်းတွေလား... ဖရစ်ဂျီ ကောင်က တစ်လုံး ၇၀၀ နှုန်း၊ လျပ်စစ်ကောင်ကို တစ်လုံး ၄၅၀ နှုန်း ပေးလိုက်ရကြောင်းပါ။
တန်လား မတန်လားကတော့ အဲကွန်းတပ်ပြီး နောက်တစ်နေ့မှာ ကျန်မတို့မြို့မှာ အပူချိန် စံချိန်တင်ပါတယ်...။ ၄၉.၉ စင်တီဂရိတ် ပါတဲ့။

(အိမ်မှာ ပြောဖြစ်တဲ့ ရယ်စရာကတော့ ကျန်မက အခု လုပ်နေတဲ့ အလုပ်ထွက်ပြီး အဲကွန်း တပ်စားတာကမှ ဟုတ်ဦးမယ်ဆိုပြီး ပြောဖြစ်နေပါတယ်။ ဒါပေမယ့် အဖေက ဖရစ်ဂျီကောင်က ၂ကောင် အဲကွန်းရဲ့ အောက်ဒိုးယူနစ်ကို တစ်ယောက်တည်း စွေ့ကနဲနေအောင် မ သွားတာ။ အိမ်ပြောင်းတုန်းက မြန်မာ ၃ ယောက် အော်ဟစ်ပြီး မ ယူရတာပါ။ အဲကွန်း မ မ နိုင် တာနဲ့ပဲ အခု အလုပ်ပဲ ဆက်လုပ်ရဦးမှာပေါ့လေ။) ...

ဒါကတော့ အိမ်ပြောင်းတဲ့ အကြောင်းပေါ့။ ၂၀၀၉ ဇန်န၀ါရီ ၁၄ မှာပဲ ရေးခဲ့ပါတယ်။

... အိမ်ပြောင်းတဲ့ အကြောင်း ရေးရဦးမယ်။
ပြောင်းတာက ဝေးဝေးလံလံ မဟုတ်ဘဲ၊ ကားနဲ့မောင်းရင် ၃-၄ မိနစ်လောက်ပဲ ကြာတဲ့ နေရာပါ။ ဒါကြောင့် အချိန်ကို မရအရ ဆွဲနိုင်သလောက် ဆွဲပြီး အချိန်နဲ့ ပိုက်ဆံယူတဲ့ ရီမူဗယ်လစ်စ် တွေကို ပိုက်ဆံပေးရမှာ နှမြောတာနဲ့... အော်စီတွေ နည်းအတိုင်း ထရပ်ကားသွားငှားပြီး ကိုယ်တိုင် ပြောင်းကြပါတယ်။

ထရပ်ကားက တနေကုန်လုံးငှားမှ ရီမူဗယ်ရဲ့ ၁ နာရီစာပဲ ကျတာမို့ တန်တယ် ဆိုပြီး ငှားဖြစ်တာလည်း ပါပါတယ်။ အိမ်မှာလည်း စိုးရိမ်ရတဲ့အရာဆိုလို့ ရေခဲသေတာပဲ ရှိပါတယ်။ ကျန်တာတွေက ဒီလိုပဲ ထုပ်ပိုးပြီး တင်လိုက်ရင် အေးဆေး ၀င်သွားမယ် ဆိုပြီးတော့ပေါ့။ (ဥပမာ ခုံ တွေ စားပွဲတွေက နည်းနည်းပါးပါး ပွန်းလည်း ကိစ မရှိဘူးလေ။) အိမ်က ကားအသေးနဲ့ ခေါက်ပြန် အခေါက် ၂၀ လောက် တနိုင်တပိုင်လည်း ပြောင်းကြပါသေးတယ်။

ထရပ်ကား သွားငှားတော့မှ ရယ်ရတယ်...။ ကားငှားတဲ့ ကုမဏီက သူတို့ကားက ခဏခဏ ဟိုတိုက်ဒီတိုက် ဖြစ်ဖူးကြောင်း၊ နည်းနည်းပါးပါး တိုက်လာလည်း ကိစ မရှိကြောင်းတောင် ပြောသေးတယ်။ ယောက်ျားကတော့ ကားအကြီးကြီး မောင်းရမှာ ခပ်လန့်လန့် ပေါ့။ ကြီးတော့ ကြီးသား... ။ ကားထဲမှာ ပစည်းတင်တဲ့ ထရော်လီရယ် (လှေကားတက်တဲ့ဘီးနဲ့ဟာမျိုး) စောင်လိုမျိုး ပစည်းထုပ်တဲ့ အ၀တ်ကြီး ၅ ထည်ရယ် ပါပါတယ်။

အဖေနဲ့အမေကို ကလေးကြည့်ခိုင်းပြီး ကျန်မတို့ နှစ်ယောက် မ လိုက်ကြတာ... လူကြီးတွေလည်း မနေနိုင်လို့ ၀င်မ တာလည်း မ ပေါ့။ ကလေးကလည်း လိုက်ရှုပ်... ကားတစ်ဝက်လောက်လည်း ၀င်ပြီးရော ဟောဟဲ ဆိုက်နေရော။ အိမ်မှာက ပစည်းက လျော့တောင် မလျော့သလိုပဲ။ နောက်တော့ သူငယ်ချင်း ၂ ယောက်က ကူမယ်ဆိုပြီး ရောက်လာတော့မှပဲ... ကျေးဇူးတင်လိုက်ရတာ မပြောပါနဲ့။ (ကိုယ်တွေက အားနာလို့ လာပါလို့လည်း မခေါ်ထားတော့၊ သူတို့ဟာသူတို့ လာတော့ မုန့်ဟင်းခါး အပြတ်ကျေးလိုက်ရပါတယ်။)

ကားကြီးကလည်း ဒယီးဒယိုင် လှုပ်တုတ် လှုပ်တုတ်နဲ့ ... နောက်ဆုံး ကား ၂ ခေါက် ဆွဲလိုက်တော့မှပဲ.. ပစည်းတွေ ပြတ်ပါတယ်။ ရေခဲသေတာ သယ်တဲ့အချိန်မှာ အားလုံး မနိုင်မနင်းနဲ့ ဖြစ်ချင်သလို ဖြစ်နေတော့... တော်တော် နောင်တ ရလိုက်ပါတယ်... ရေခဲသေတာများ ပျက်သွားရင် ရီမူဗယ်ခ ထက်မက ပေးရတော့မယ် ဆိုတဲ့ အတွေးက တော်တော် ဖိစီးပါတယ်။ ဒါပေမယ့် အားလုံးပြီးသွားတော့... ဆေ့ဖ် ဖြစ်သွားတဲ့ ပိုက်ဆံကို တွက်လိုက်တော့ တော်တော် ပီတိ ဖြစ်ရတယ်။

နောက်ဆိုရင် အဲ့လို ထရပ်ကားမျိုး တွေ့တိုင်း ဝေးဝေးက ရှောင်ရမယ်ဆိုတာတော့ မှတ်သွားတာပေါ့။
....

အဲ့ဒီလိုနဲ့ ၂၀၀၈ ခုနှစ် ကုန်ဆုံးပြီး ၂၀၀၉ ခုနှစ်ကို အိမ်အသစ်လေးမှာ စတင်ခဲ့ကြတာပေါ့။

Thursday, 27 May 2010

၂၀၀၈ - ၂

ရောက်ရောက်ချင်းမှာ အလုပ်က ပေးထားတဲ့ အိမ်လေးမှာ ၁ လနေပြီး တော်တော် ဇိမ်ကျပါတယ်။ အိမ်ကလေးက အသစ်မဟုတ်ပေမယ့် အိပ်ခန်း ၂ ခန်းနဲ့ ပစ္စည်းအပြည့်အစုံပါတော့ အဆင်ပြေလို့နေပါတယ်။ မာမီတို့က ဖုန်းဆက်တော့ ဒယ်အိုးလေး ဒန်အိုးလေး သယ်သွားခိုင်းပေမယ့် မီးဖိုချောင်မှာလည်း အားလုံး ပြည့်စုံနေတော့ ဘာမှကို အိပ်စိုက်စရာ မလိုဘူးပေါ့။

နေဗီဂေတာ အားကိုးနဲ့ပဲ အိမ်တစ်လုံး အမြန်ငှားဖြစ်ပါတယ်။ အင်တာနက်မှာ ကြော်ငြာတဲ့အိမ်တွေကို အရင်ဆုံးလိပ်စာတွေယူပြီး လိုက်ကြည့်ထားပြီးမှ အေးဂျင့်နဲ့ ဆက်သွယ်ပြီး အကြိုက်ဆုံး ၂ အိမ်ကြည့်ပြီး ၁ အိမ်ကို ငှားဖြစ်ပါတယ်။

ဟုတ်ပြီ ဟုတ်ရဲ့နဲ့ အိမ်အသစ်လည်း ရောက်ရော ဘာပစ္စည်းမှ မရှိသေးတဲ့ အပြင် ရီမူဗယ်လစ်စ် နဲ့ တင်လိုက်တာတွေကလည်း ရောက်မလာ ရောက်မလာနဲ့ တော်တော်ကို ကြာသွားပါတယ်။ ကြားထဲမှာ လေမှုတ်မွေ့ရာတစ်လုံး နဲ့ အိပ်ရာခင်းတွေ၊ အိုး ခွက်ပန်းကန် နည်းနည်း ၀ယ်ပြီး ကျားကန်ထားရတာ၊ ပစ္စည်းတွေက ၃ ပတ်ကြာမှ ရောက်ပါတယ်။ ဘာမှ မကွဲမရှဘဲ ရောက်လာတာမို့ တော်သေးတယ် ပြောရမယ်။ ပိုက်ဆံချေတာပြီး အာမခံလည်း မထားမိတာမို့ လမ်းမှာ တခုခုများဖြစ်သွားရင် အကုန်ဆုံးပြီ ဆိုပြီး တော်တော် အိပ်မပျော် ဖြစ်လိုက်သေးတယ်။

ဖုန်းလိုင်းတွေလည်း အသစ်ပြန်လုပ်၊ အင်တာနက်ကတော့ နုတ်ဘွတ်တစ်လုံးနဲ့ ၀ိုင်ယာလက်စ်အင်တာနက်ကို ၀ယ်မိလို့ အင်တာနက်ခတွေ အများကြီး တက်သွားတာကို နေးတစ်မှာတောင် ရေးဖူးသေးတယ်။

နောက်ဆုံးတော့ ပစ္စည်းတွေအားလုံးရောက်လာတော့မှ နေရာချပြီး အတည်တကျ ဖြစ်သွားတာပေါ့။

အဲ့ဒီအိမ်ကလေးက အေးအေးလူလူနဲ့ ချစ်စရာကောင်းပေမယ့်၊ အိမ်မှာ ပူအောင်နေရတယ်လို့ မရှိဘဲ၊ အလုပ်နဲ့ အိုဗာတိုင်နဲ့ ဆက်နေတာနဲ့ အိမ်ကလေးရဲ့ မန်မိုရီတွေကတော့ ဓာတ်ပုံတွေထဲမှာ ကျန်သလောက်ပဲ ကျန်တော့တယ်။

၂၀၀၈ - ၁

စစချင်းကတည်းက အလုပ်ရှုပ်တဲ့ နှစ်တစ်နှစ်ပါပဲ။ ပြည်နယ်အသစ် မြို့အသစ်ကို ပြောင်းရတယ်လေ။ ပထမတော့ မိသားစု ၃ ယောက်က ခွဲနေဦးမလို့ပါပဲ။ ဒါပေမယ့် သားလေးနဲ့ ကိုနဲ့က ဘယ်လိုမှ ဆစ်ဒနီမှာ နှစ်ယောက်တည်း မဖြစ်သလို ကျန်မကလည်း အိုဗာတိုင်တွေ ဇယ်ဆက်အောင် လုပ်နေရတော့ ကလေးကို တာဝန်ယူဖို့ မဖြစ်နိုင်ခဲ့ဘူး။ အဲ့ဒါနဲ့ပဲ ကို က အနစ်နာခံပြီး သူရဲ့ ပူပူနွေးနွေး ပရိုမိုးရှင်းရထားတဲ့ အလုပ်ကိုထွက်ပြီး ဟုမ်းမိတ်ကာ ဘ၀ကို ရောက်လာပါတယ်။

ပြောင်းမယ် ဆုံးဖြတ်ပြီးကာမှ ဇာတ်လမ်းတွေအများကြီးပါပဲ။ အတွေ့အကြုံဆိုတာ အဲ့ဒီမှာ စကားပြောတာပဲ ထင်ပါတယ်။ ပြောရရင် ကျန်မတို့က ဆစ်ဒနီ ကင်ဘာရာကလွဲပြီး ဝေးဝေးလံလံ သွားဖူးကြတာလည်း မဟုတ်ဘဲနဲ့ ကီလို ၁၆၀၀ လောက်ရှိတဲ့နေရာကို ပြောင်းကြတာပါ။

အမှတ်တရအဖြစ်ဆုံးကတော့ ဟွန်ဒါစီဗစ်လေးနဲ့ မောင်းလာကြတာပဲ။ စိတ်ကူးထဲမှာ တလမ်းလုံးကို သီချင်းကောင်းလေးတွေ ဖွင့်ပြီး ပျော်ကြမယ်ပေါ့။ ဒါပေမယ့် သားလေးက ငယ်သေးတော့ သူ့ကို ဦးစားပေးရတာနဲ့ပဲ လမ်းတလျောက် သားသားကြိုက်တဲ့ Old McDonald had a farm သီချင်းပဲ ဖွင့်ပြီး နားတွေတောင် အူတဲ့အထိပါပဲ။ လင်မယား ၂ ယောက် တစ်ယောက်တလှည့်ကားမောင်းကြရင်း စိတ်ကူးထဲမှာ ဂိုးလ်ကို့စ်ရောက်ရင် မိုတယ် တစ်ခုရှာပြီး အိပ်ကြမယ်ပေါ့။

ဆစ်ဒနီကနေ မြန်မာဆိုင်မှာ မနက်ခင်းစာစားပြီး ထွက်လာလိုက်တာမှာ ပစိဖိတ်လမ်းမကြီးတလျောက် မောင်းပြီး ဂိုးလ်ကို့စ်ရောက်တော့ ညနေ ၇ နာရီလောက်ပေါ့။ မှောင်တော့ မမှောင်သေးဘူး။ အလင်းရောင်ပျပျလေးပဲ ရှိသေးတယ်။ လမ်းမကျယ်ကြီးတွေ၊ နီယွန်မီးလုံးကြီးတွေနဲ့ မြို့ရောင်ထနေတဲ့ နေရာရောက်တော့ ပျော်တာပေါ့။

ခရီးမထွက်ခင် မေးစမ်းလို့ရသလောက် တည်းခိုစရာလိုချင်ရင် Surfers paradise ဆိုတဲ့ ရပ်ကွက်ကို သွားပါဆိုလို့ သွားတာပေါ့။ တဖြည်းဖြည်း မှောင်ရီသန်းလာပြီး ဂိုးလ်ကို့စ် မြို့ကြီးက ညမီးရောင်တွေအောက်မှာ အစွမ်းကုန် ကခုန်နေသလားမှတ်ရတယ်။ ကျန်မတို့အတွက်တော့ နေစရာ မရသေးဘူး။ တွေ့လိုက်သမျလည်း ဟောလိဒေး အပါ့ထ်မန့်တွေလိုပဲ။ ကလေးကလည်း ဗိုက်ဆာလှပြီ။ ကျန်မတို့ နှစ်ယောက်လည်း ခရီးပန်းလာပြီ။ အဲ့ဒါနဲ့ တွေ့သမျ မိုတယ်၊ အပါ့မန့် လိုက်မေးတော့လည်း အဆင်ကမပြေ။ မိုတယ် ခပ်စုတ်စုတ်လေး တစ်လုံးကတော့ အခန်းရမယ်တဲ့ ၂၅၀ လောက် တောင်းပါတယ်။ တကယ့် ပေါက်ဈေးက ၉၀-၁၀၀ ပဲ ရှိတာကို ဆိုင်ရှင် တရုတ်မကြီးက အခြေအနေကြည့်ပြီး ဈေးတင်မှန်း သိတော့ စိတ်နာနာနဲ့ မယူဘူးဆိုပြီး လှည့်ထွက်ခဲ့မိတယ်။ လမ်းကြားလေးက တရုတ်ဆိုင်တစ်ဆိုင်တွေ့တော့ ညစာစားဖို့ ၀ယ်တယ်။ ပြီးတော့ ဘာလုပ်ရင် ကောင်းမလဲ တိုင်ပင်ရပြီ။ တောက်လျောက်မောင်းမလား၊ နေစရာ ရှာဦးမလားပေါ့။ တောက်လျောက်မောင်းဖို့ ကြည့်လိုက်တော့ နောက်ထပ် ကီလို ၇၀၀ ကျန်သေးတယ်။ မနက်တော့ ရောက်မှာပဲ။ အဲ့ဒီအချိန်ဆို လင်မယား ၂ ယောက်လုံး အီစလောင် ဝေနေလောက်ပြီ။ တစ်ယောက်တည်း ကားမောင်းဖို့ စိတ်မချတော့ ၂ ယောက်လုံး မျက်စိပြူးပြီး မောင်းရမှာကိုး။ ကလေးက မနက်မှ နိုးလာရင် ဘယ်သူမှ အိပ်ရမှာ မဟုတ်ဘဲ ခရီးပန်းတာ တော်တော်ဆိုးလိမ့်မယ်။ အဲ့ဒါနဲ့ ဘရစ်စ်ဘင် အထိတော့ ဆက်မောင်းလိုက်မယ်၊ ဘရစ်စ်ဘင်မှာက မြို့ပိုကြီးတော့ တည်းစရာတွေ ပေါလိမ့်မယ်ဆိုပြီး နောက်ထပ် ၁ နာရီ ခရီးကို မောင်းပါတယ်။ တော်တော်လေး မိုးချုပ်နေပြီပေါ့။

လမ်းမှာ ကံကောင်းချင်တော့ အရင်အလုပ်တုန်းက မလွှင့်ပစ်ရက်လို့ သိမ်းထားတဲ့ go stay စာအုပ်လေးကို တွေ့ပါတယ်။ အဲ့ဒီမှာ တည်းခိုခန်းတွေ ဖုန်းနံပါတ်တွေ အကုန်ပါတော့ အဲ့ဒီအထဲက မိုတယ်ချိန်း နံပါတ်တစ်ခုကို ဆက်လိုက်တော့မှ နောက်ဆုံး တစ်ခန်းပဲ ကျန်တော့တဲ့ ဘရစ်စဘင်က မိုတယ်ဖုန်းနံပါတ်ကို ရပါတယ်။ အဲ့ဒါနဲ့ ရတာပဲ ယူလိုက်မယ်ဆိုပြီး အဲ့ဒီ အခန်းကို ဘွတ်ကင်လုပ်၊ လိပ်စာယူပြီး၊ နေဗီဂေတာ နဲ့ သွားပါတယ်။ အဲ့ဒီအချိန်တုန်းက နေဗီဂေတာကို ကျေးဇူးအတင်ဆုံးပါပဲ။ မိုတယ်ရောက်တော့ ၁၁ နာရီ ခွဲခါနီးပြီ။ အခန်းလေးကလည်း ကျဉ်းလိုက်တာဆိုတာ မလှည့်သာ မလွန့်သာလေး။ မီးဖိုအသေးလေးနဲ့ စားပွဲအသေးလေးမှာ တရုတ်ဆိုင်က၀ယ်လာတဲ့ ၀ယ်လာတဲ့ ညစာကို ပြင်ဆင်ပြီး စားကြတယ်။ ရေမိုးချိုးပြီး လူက တော်တော် လန်းသွားပြီး စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ခဲ့ရပါတယ်။ အဲ့ဒီနေ့က အဖြစ်ကို ပြန်တွေးတိုင်း ခရီးသွားရင် တည်းခိုစရာကို ကြိုပြီး ဘွတ်ကင် လုပ်ရမယ်ဆိုတဲ့ သင်ခန်းစာကို ကောင်းကောင်းရခဲ့ပါတယ်။

နောက်တနေ့တော့ ကျန်မတို့မြို့ကို နေ့လည် ၃ နာရီ မထိုးခင်လောက် ရောက်ခဲ့တာပေါ့လေ။

အခုအချိန်မှာ ပြန်တွေးကြည့်တော့ ... ဟိုသီချင်းထဲကလိုပဲ ... လူပါးမ၀ခင်တုန်းက ပြောရတော့ ရယ်စရာပါ... ဆိုသလို ရယ်လို့ကောင်းနေပြီပေါ့လေ။ အဲ့ဒီတုန်းကတော့ တကယ့် adventure ကြီးပါပဲ။
အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်။ ဘလော့ဂ် မရေးတာ ၂ နှစ်ကျော်လောက် ရှိတဲ့အချိန်မှာမှ စိတ်ပြန်လည်လာပြီး ဘလော့ဂ်လေးကို ပြန်အသက်သွင်းမလို့ပါ။ ဒီ ၂ နှစ်အတွင်း ပြောင်းလဲသွားတာတွေကတော့ အများကြီးပါပဲ။ ဖြည်းဖြည်းချင်း ရေးသွားတာပေါ့လေ။