Tuesday, 22 June 2010

၂၀၀၈ ခုနှစ်မှာ ထူးခြားတဲ့ အဖြစ်အပျက်လေး နည်းနည်းရှိတယ်။

နှစ်စစချင်းမှာ အပြောင်းအရွှေ့တွေနဲ့ အလုပ်တွေ များနေလိုက်တာ သားလေးက ခရီးပန်းပြီး နေမကောင်းဖြစ်တယ်။ တော်တော်လေး ဖျားလိုက်တယ် ပြောရမယ်။ ညနေဘက် အလုပ်က ပြန်လာတော့ ကားပေါ်မှာပါတဲ့ပုံလေးကို မျက်စိထဲက မထွက်ဘူး။ ချောင်ကျပြီး ဟောဟဲ ဆိုက်နေပြီ။ မဖြစ်သေးပါဘူးဆိုပြီး အရေးပေါ်မှာ ပြလိုက်တော့မှ အသက်ရှုနှုန်းက ၆၆ ဖြစ်နေပြီ။ အဲ့ဒါနဲ့ ဆေးရုံတစ်ည တက်လိုက်ရတယ်။ ချဲတွေဘာတွေ ထုတ်လိုက်ပြီးတော့ နောက်တစ်နေ့မှာတော့ ဆေးရုံဆင်းလို့ရသွားပါတယ်။ အရေးပေါ်မှာ စောင့်ဖူးသွားတာပေါ့။

အလုပ်ရှာနေတဲ့ ကို က ကံကောင်းစွာနဲ့ ကျန်မတို့ ဆေးရုံမှာ ရုံးစိုက်တဲ့ အဖွဲ့မှာ အလုပ်ရတယ်။ ရချင်တော့လည်း ချက်ချင်းဆိုသလို ဖြစ်သွားတော့ သားလေးကို ထိန်းဖို့ နေရာရှာရတော့တယ်။ တညနေပဲ အသည်းအသန် ရှာလိုက်ပြီး ပထမဆုံးတွေ့တဲ့child careမှာ ထားဖြစ်တယ်။ နောက်မှ သိလိုက်ရတာက အဲ့ဒီ child care က တော်တော်လေး နာမည်ရှိတယ်ဆိုပဲ။ တော်ပါသေးရဲ့။ ကလေးရဲ့ ကုသိုလ်ကံပဲ ပေါ့လေ။ သားလေးက အဖေနဲ့ တော်တော်လေး နေလိုက်ရတော့ ကျောင်းသွားရတာ မပျော်ဘူး။ နေ့တိုင်း ငိုတယ်။ ဆစ်ဒနီမှာတုန်းက မြန်မာအိမ်ကိုပဲ ပို့တာဆိုတော့ သိပ်ပြသနာ မရှိပေမယ့် အခုကျတော့ သူမြင်နေမကျတဲ့ ဘိုတွေချည်းပဲ ဖြစ်နေတာလည်း ပါမယ်။ သားလေးကို ကျောင်းပို့ပြီး ပြန်လာတဲ့ လမ်းမှာ လင်မယားနှစ်ယောက် ဘယ်လောက် စိတ်ညစ်ရသလဲဆိုတာ ပြန်တောင် မတွေးရဲဘူး။ ကို ဆို မျက်ရည်တောင် ကျတယ်။ အလုပ်ပဲ ပြန်ထွက်ရမလားဆိုပြီး အမြဲတမ်း စဉ်းစားတယ်။ ဒါပေမယ့် အလုပ်ကလည်း လိုသေးတယ်လေ။ ဆရာမတွေကလည်း ကြိုးစားပါတယ်။ သားလေးက အင်္ဂလိပ်လို မပြောသေးတော့ သူတို့က မြန်မာစာလုံး နည်းနည်းကို မေးပြီး သားလေးကို အင်္ဂလိပ်လိုနဲ့ တွဲသင်ပေးကြပါတယ်။ သားလေး အဆင်ပြေမှာပါဆိုပြီး ကျိတ်မှိတ်ထားရတယ်။ နောက်တော့မှ အဲ့ဒီက ဆရာမတွေနဲ့ ခင်လာတဲ့အခါ သားလေးက နေသားကျသွားပါတယ်။ နောက်ပိုင်း မာမီတို့ ရောက်လာတဲ့အခါတော့ ကျောင်းမပို့ဖြစ်တော့ဘူးပေါ့လေ။

သားလေးမပါဘဲ ညအိပ်ခရီးကို ပထမဆုံးသွားဖြစ်တယ်။ Townsville ဆိုတဲ့ မြို့ကို စာမေးပွဲ အတွက် သွားတာပေါ့။ တော်တော်ပူတဲ့ မြို့ပဲ။ သားလေကို လွမ်းတာလည်း ပါတာပေါ့လေ။ စာမေးပွဲအပူက တစ်မျိုး။ အေးချမ်းအောင်ဆိုပြီး ဈေးလေးဘာလေး ပတ်မယ်လုပ်တော့ အဲ့ဒီမြို့က ဆိုင်တွေက စနေနေ့ ပိတ်တယ်တဲ့။ တရုတ်ဆိုင် ကုလားဆိုင်တွေ ပိတ်ထားတဲ့ နေ့လည် ခေါင်ခေါင်ကြီးမှာ ကျန်မတို့ ၃ယောက် (ဆေးရုံကနေ စာမေးပွဲအတူတူလာဖြေတဲ့သူတွေ) မက်ဒေါနယ် ၀ယ်စားခဲ့ရတာပေါ့။ စာမေးပွဲကတော့ အောင်မလာပါဘူး။ ပျော်တာတော့ တော်တော် ပျော်ခဲ့တယ်။

နောက်တခါ Brisbane ကို စာမေးပွဲအတွက် သွားပြန်ရော။ ကံကောင်းပြီးတော့ ဟိုတယ်မှာ suite တွေဘာတွေနဲ့ နေလိုက်ရတယ်။ ဘရစ်စ်ဘင်က Queen street mall ကိုလည်း တောင်ပိုင်းရော မြောက်ပိုင်းရော နှံ့အောင် ပတ်ခဲ့တာပါပဲ။ ဒါပေမယ့် စာမေးပွဲကံက ခေ ပြန်ရောကွယ်။

စိတ်ညစ်ညစ်နဲ့ အလုပ်မှာ လိမ့်ကာ ပတ်ကာနေရင်းကနေ အိမ်ငှားစေ့ကာနီးလောက်မှာ အိမ်ဝယ်ဖို့ ဆုံးဖြတ်ဖြစ်တယ်။ တကယ် စိတ်ကူးထဲက အိမ်ကတော့ အပျံစားပေါ့...။ တကယ့်တကယ် ၀ယ်ဖြစ်တော့ စိတ်ကူးထဲကနဲ့ လုံးဝမတူတဲ့ အိမ်သေးသေးလေးတစ်လုံးကို အားလုံး သဘောတူညီစွာနဲ့ ၀ယ်ဖြစ်ခဲ့တယ်။

အိမ်ပြောင်းတဲ့အကြောင်း အဲကွန်းတပ်တဲ့ အကြောင်းတွေကိုတော့ နေးတစ်မှာ ရေးခဲ့တဲ့အတိုင်းပဲ ကူးလိုက်ပါရစေ။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၄ရက်နေ့က ရေးထားတာပါ။

... နွေပေါက်လာပြီဆိုတော့ ရာသီဥတုကလည်း ပူလိုက်တာမှ ... နက်ဖြန်ဆိုရင် နေနဲ့ အနီးဆုံး ဖြစ်တော့မယ်ဆိုလား...။

တီဗီကြော်ငြာမှာတော့ ရေခဲသေတာတွေ ဖရီဇာတွေ အဲကွန်းတွေ အပြိုင်ဈေးလျော့နေကြလေရဲ့။ ကျန်မတို့လည်း အိမ်ပြောင်းစရာရှိတာရော... အိမ်အသစ်မှာ အဲကွန်းမတပ်ရသေးတာရောနဲ့ ခါတော်မီ အဲကွန်းအ၀ယ်ထွက်ကြပါတယ်။ တစ်ရက်တည်းတော့ မဟုတ်ဘူးပေါ့... ရီဆာ့ခ်ျလုပ်တာနဲ့ ဘာနဲ့ တစ်ပတ်လောက် နှစ်ပတ်လောက် အိမ်မှာ ဟော့ထ် ဖြစ်နေတဲ့ တော့ပစ်ပေါ့။

အဖေက စပြီးပြောပါတယ်။ ရန်ကုန်က အဲကွန်းဈေးတွေနဲ့ ယှဉ်ရင် ဒီက ဈေးတွေက အင်မတန်မှာ ခေါင်ခိုက်နေပါတယ်တဲ့..။ ဘာဖြစ်လို့လဲတဲ့...။ ဒါကလွယ်ပါတယ်။ ရန်ကုန်မှာက ဆောင်းတွင်းမှာ အပူ ဖွင့်စရာ မလိုတဲ့အတွက် ကူးလင်းတစ်မျိုးပဲ သုံးကြတာ။ ဒီမှာက အပူရော အအေးရော လိုတဲ့အတွက် ရီဗာ့စ် ဆိုင်ကယ်တွေ သုံးကြတော့ ဈေးက ၂ ဆ လောက် ဖြစ်နေရောပေါ့။

ရန်ကုန်က အဲကွန်းဆိုလို့... ရန်ကုန်မှာ မီးသာမလာတာ၊ (လာရင်လည်း အားပြည့်တာမဟုတ်ပါဘူး) ရှိသမျ အခန်းကို အဲကွန်းတပ်ချင်တာကတော့ ကျန်မပါပဲ။ ပန်းဆိုးတန်းမှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်မေးပြီး ... ပြီးရင် ၀ယ်ချင်တဲ့ဆိုင်မှာ ၀ယ်ချင်သလိုဝယ်တာမျိုးချည်းပါပဲ။ အခု အခြေအနေ မသိပေမယ့် ရန်ကုန်တုန်းက အိပ်ခန်းတစ်ခန်းစာဆိုရင် ၁ ကောင် တို့ ၃ မတ်တို့။ အရင် ကျန်မ ကျောင်းတက်တုန်းက နေတဲ့ အခန်းလေးဆို ၃ မတ် အဲကွန်းလေးနဲ့ အေးလိုက်တာမှ...။ နည်းနည်းကြီးတဲ့ အခန်းဆို ၁ ကောင်ခွဲတို့ ၂ ကောင်တို့...။ သူတို့ အခေါ်တွေပေါ့။ မြင်းကောင်ရေ ကို ပြောတာ ထင်တာပဲ။

ဒီမှာလည်း လိုက်ရှာတော့ ... ၂.၄ ကီလိုဝပ်ဆိုတာ အသေးဆုံး။ ၇.၄ က ပန်နာဆိုးနစ်မှာ အကြီးဆုံး။ ကီလိုဝပ်နော်...။ ကျန်မတို့ကလည်း ၂ကောင်အားလောက်ဆို တော်ရုံအခန်း တော်ပြီပေါ့ ဆိုတဲ့ စိတ်နဲ့ ရှာနေတာ။ ... ဆိုင်ကတွက်ပြလိုက်တယ်.. ကျန်မတို့ လိုချင်တဲ့ အခန်းဆိုရင် ၇.၄ အနည်းဆုံး ... ၈. ကျော်ကျော်ဆိုရင် ပိုအဆင်ပြေမယ်ဆိုပဲ။ သြော်... ကီလိုဝပ်နဲ့ မြင်းကောင်ရေနဲ့ မတူဘူးထင်တယ်ဆိုပြီး အိမ်ပြန်လာပြီး ... တွက်ကြည့်လိုက်တော့... ၇.၄ ကီလိုဝပ်က မြင်းကောင်ရေ ၉.၉ ရှိသတဲ့။

အားသေးတဲ့ အဲကွန်းတပ်ရင် ပိုရုန်းရလို့ မီတာပိုကုန်မယ်... မအေးဘဲနေမယ် စသဖြင့် ဈေးရောင်းသူရဲ့ တရားတွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် နာပြီးသကာလ... အခုနေတဲ့ အိမ်က အဲကွန်းအကောင်တွေ ပြန်စစ်ကြည့်တော့ ... အခု အိမ်ရှေ့မှာဖွင့်တာ ၅ ကီလိုဝပ်ကျော်တယ်... သိပ်မအေးဘူး... အခန်း အရွယ်က အတူတူလောက်ပဲဆိုတော့ ၇.၄ ပဲ ယူပါတော့မယ် ဖြစ်ချင်တာဖြစ် ဆိုပြီး ဆုံးဖြတ်လိုက်ရတယ်။ ပြောရရင်တော့ ၁၀ ကောင်အား အဲကွန်းကို အိမ်မှာ တပ်တယ်ဆိုတာ မကြားဖူးလို့... နှပ်ချခံလိုက်ရပြီပဲ ထင်နေတယ်။

အမယ်... တပ်ဆင်ခလား။ မြန်မာပြည်မှာဆိုရင်တော့ အလကားလိုက်တပ်ပေးတာနော်။ ဒါတောင် ချက်ချင်း လိုက်မလာရင် ကျေနပ်တာ မဟုတ်ဘူး။ တပ်တဲ့ ပစည်းတွေ ဘာတွေဆိုတာ ဆိုင်ကို အဆစ်ကောင်းရင် အလကားရသေးတယ်။ ဒီမှာတော့... တပ်ဖို့ ကျေးဇူးရှင်တွေ ဖုန်းဆက်ခေါ်ရ... ချိန်းရ... အိမ်ကို တိုင်းရနဲ့...။ (အခုထိတော့ မတပ်ရသေးပါဘူး။) တပ်ဆင်ခက အကြမ်းဖျင်း တစ်လုံးကို ၇၅၀-၈၅၀ ယူတယ်တဲ့ နော်။ ဘယ်နှလုံးတပ်တပ် မဆိုင်ဘူးဆိုတာက ပါသေးတယ်။ ခရစ်စမတ်မတိုင်ခင် တပ်ပေးဖို့ကို ခခယယ... ဘွတ်ကင်က ဖေဖော်ဝါရီအထိပြည့်နေတဲ့သူက ရှိသေးတယ်။

အိမ်ကယောက်ျားကိုတော့ ... အီလက်ထရစ်ရှင် အဖြစ်သင်တန်းလေး ဘာလေး မတက်ရကောင်းလားဆိုပြီး ရန်လုပ်နေရတာပေါ့။

အကယ်လို့ အဲကွန်းအကြောင်း နားလည်သူများရှိရင်... နည်းနည်း ရှင်းပြပေးကြပါဦး... စိတ်ထဲမှာ တခုခုတော့ မှားနေသလိုပဲ။ ...

ဒါကတော့ နေးတစ်က ကယ်လ်ဗင်က ပြန်ပြီး ရှင်းပြထားတာပါ။ ဗဟုသုတ အလို့ငှာ ထည့်လိုက်ပါတယ်။

...မြန်မာပြည်မှာ အသုံးများတာ ၃မတ် တကောင် ငါးမတ် တစ်ကောင်ခွဲတွေပါ။ အဲဒါတွေက မြင်းကောင်ရေကိုပြောတာပါ။ သာမာန်အိပ်ခန်းတွေဟာ ၃မတ်လောက်ဆို .. အေးပါပြီ။ ခပ်ကျယ်ကျယ် အိပ်ခန်းဆို တကောင်^ငါးမတ်ပေါ့။ အိပ်ခန်း၂ခန်းစာလောက် ကျယ်တဲ့ ဧည့်ခန်းမျိုး ဆို တစ်ကောင်ခွဲပေါ့။ အခုပြောနေတဲ့ မြင်းကောင်ရေက ကွန်ပရက်ဆာကိုမောင်းတဲ့ မော်တာမြင်းကောင်ရေပါ။ ( အဲဒီဟာကို ကီလိုဝပ်ကနေ ဒါရိုက်ပြောင်းရင် မှားရောတဲ့ .. သူက အပူကိုတိုင်းတာနဲ့ အဲဒါနဲ့ မတူဘူးဆိုပဲဗျ။ )

ကျန်တော်သိတဲ့ ကွန်ဗါးရှင်း ( ဘယ်လိုတွက်သလဲတော့ မသိဘူးနော်။ မှန်တယ်လို့ အာမ မခံဘူး။ ) ကတော့ ဒီလိုဗျ။ ကီလိုဝပ်နဲ့ မြင်းကောင်ရေ မတွက်တတ်ဘူး။ air-con တွေကိ BTU နဲ့ပဲ သိတယ်။ ၉၀၀၀BTU ၁၂ယ၀၀၀BTU ၁၈ယ၀၀၀ BTU ၂၄ယ၀၀၀BTUပေါ့ .. အစားစားပေါ့ဗျာ။

ကျန်တော် သိတာက .. ကိုးထောင်က သုံးမတ်၊
သောင်းနှစ်ထောင်ကို တစ်ကောင်
တစ်သောင်းခွဲဆို ငါးမတ်
သောင်းရှစ်ထောင်ကို တစ်ကောင်ခွဲ
နှစ်သောင်းလေးထောင်ကို နှစ်ကောင် .. စသဖြင့်ပေါ့။

အဲကွန်းနဲ့ အခန်း တွက်တဲ့ ဖေါ်မြူလာက ၁၂ ပေ ၁၅ ပေ အခန်း ( + လူ၂ယောက် + တံခါးတစ်ပေါက် + ပြူတင်းပေါက် တခု ) ဆိုရင် ၉၀၀၀ ဘီတီယူ ( သုံးမတ် ) ဒါဆို အေးပြီ။

အဲဒီတော့ မြင်းကောင်ရေနဲ့ ဘီတီယူ အကြမ်းဖျင်းတော့ သဘောပေါက်လောက်ရောပေါ့။

ကီလိုဝပ်ပြောင်းတာ .. အင်တာနက်ထဲ လိုက်ရှာတော့ ၂.၄ ကီလိုဝပ်ဆိုရင် ( ၂.၄ ကီလိုဝပ် _ ၃၄၁၄ = ၈၁၉၃.၆ ဘီတီယူ ရတယ်။ ) .. ဆိုတော့ကာ .. အဲကွန်းဆိုင်ကပြောတဲ့ ၂.၄ကီလိုဝပ်အသေးဆုံးဟာသည် .. ၈၂၀၀ ဘီတီယူလောက်ပဲ ရှိတော့ ၃မတ်လောက်ပဲ ရှိတာပေါ့။ ( ဒါဆို တော်တော် သေးတယ်ပြောရမယ်။ ) အဲကွန်းထဲ အသေးဆုံးကတော့ ငါးမူးအလွယ်ခေါ်တဲ့ ၅၀၀၀ ဘီတီယူပဲ။ တစ်ယောက်အိပ်ကုတင်နဲ့ စာကြည့်စားပွဲလောက်ပဲ ဆန့်တဲ့ အခန်းမျိုးမှာ တပ်တဲ့ဟာလေးတွေ။

မဆိုက်ဘာပြောတဲ့ ဧည့်ခန်းက ၅ကီလိုဝပ်ကျော်တယ်ဟာက ၅ကီလိုဝပ်ပဲထား .. ၃၄၁၄နဲ့မြှောက် ၁၇၀၇၀ ဘီတီယူ ရတယ်။ သောင်းရှစ်ထောင်ထား တစ်ကောင်ခွဲပေါ့။ အိပ်ခန်း၂ခန်းစာလောက်ပဲရှိမယ့် သာမာန်ဧည့်ခန်းတွေ တစ်ကောင်ခွဲတပ်တယ်။ နဲနဲကျယ်ရင် တစ်ကောင်ခွဲနဲ့ သိပ်မအေးတော့ဘူး။

နောက်ဆုံးပြောရရင် ၇.၄ ကီလိုဝပ် အကြီးဆုံးဆိုတဲ့ အဲကွန်းက ၂၅၂၆၃.၆ ဘီတီယူရှိတယ် .. မြန်မာပြည်မှာဆို အဲဒါ နှစ်ကောင်ပေါ့။ ( ဧည့်ခန်း တော်တော်ကျယ်မှ အဲဒီကောင်ကို တပ်ပါ။ မဟုတ်ရင် အလကားပဲဗျ။ တအားအေးပြီး အအေးချိန်ထိန်းရတာ ခက်တယ်။ ) ကွန်ပျူတာသင်တန်းတုန်းက စက် ဆယ်လုံးလောက် စားပွဲဆယ်လုံးနဲ့ ထားတဲ့ အခန်း အိပ်ခန်း သုံးခန်းစာလောက်ရှိတဲ့ အခန်းကို ၂ကောင်တပ်လေ့ရှိတယ်။ မန်းလေးက ပူတာရယ် ကွန်ပျူတာတွေ ပူတာရယ် လူဆယ်ယောက်အထက် အခန်းထဲနေမှာရယ် .. တွက်ထားတာပါ။ )

ဒီလောက်ဆို .. ရှင်းမယ် ထင်ပါတယ်ခင်ဗျ။ သိချင်တာရှိရင် ထပ်မေးပါ။ မှားနေတာရှိရင်လည်း ပြင်ပေးကြပါခင်ဗျာ။ ...

ဒါကတော့ နောက်ဆက်တွဲလေးပါ။ ၂၀၀၉ခု ဇန်န၀ါရီ ၁၄ ရက်က ရေးခဲ့တာပါ။

... အင်တာနက်က အခုမှ ကောင်းကောင်းရလို့ အဲကွန်း နောက်ဆက်တွဲဇာတ်လမ်းလေး ရေးချင်နေတာ ရေးလိုက်ဦးမယ်။

အပေါ်က ပို့စ်တွေမှာ ပြောခဲ့သလို အဲကွန်း ၂လုံး ၀ယ်ပြီး သကာလ အိမ်ပြောင်းဖြစ်ပါတယ်။ (အိမ်ပြောင်းတဲ့ ဇာတ်လမ်းက တစ်ပုဒ်ရေးလို့ရသေးတယ်။)

အိမ်ပြောင်းတဲ့ အချိန်က ခရစ်စမတ် ပိတ်ရက်ကလည်းဖြစ် ကျန်မတို့မြို့မှာ အပူဆုံးလည်း ဖြစ်နေတော့... အဲကွန်း ဆရာတွေ ပင့်မရတဲ့ ပြသနာက စပါတယ်။ နောက်တော့ အိမ်နီးနားချင်း အဲကွန်းသမားတစ်ယောက်ကို အိမ်ပွဲစားက မိတ်ဆက်ပေးတာနဲ့ သူက လာကြည့်ပါတယ်။ (အိမ်ပွဲစားနဲ့ အဲကွန်းကောင်က ရပ်ဘီ ကစားဖက်တွေဆိုလား။)

အဲကွန်း သမားကလည်း ကြည့်ပြီးတော့... တပ်လို့ရမယ်။ သူ့ကားဂိုဒေါင်ထဲမှာ လိုအပ်တဲ့ ပစည်းတွေ ရှိတယ်၊ အမြန်ဆုံးတပ်ပေးမယ် ဆိုတော့ အိုကေပေါ့။ ဒါပေမယ့်တဲ့ မီတာဘောက်ကနေ ၀ိုင်ယာကြိုးတပ်ဖို့ မီတာဘောက်စ် စစ်ဖို့ စသဖြင့် လျပ်စစ်သမား ခေါ်ရမယ်တဲ့။ ဟမ်... နင်က ဘာတုန်း .. ဆိုတော့ ... ဖရစ်ဂျီ တဲ့။ အော်စီဘာသာနဲ့ အဲကွန်းတို့ ရေခဲသေတာ တို့ တပ်တဲ့သမားကို ပြောတာထင်တာပါပဲ။

အဲ့ဒါနဲ့ လျပ်စစ်သမား ထပ်ခေါ် ရပြန်ရော... သူ့ သူငယ်ချင်းပဲ။ အိမ်အပြင်က သွယ်ရမလား အိမ်အတွင်းက သွယ်ရမလား ပေါ့...။ အပြင်ကသွယ်လည်း အရေးမကြီးပါဘူး... မြန်မြန်ပြီးရင် ပြီးတာပဲ ဆိုတော့...။ အိမ်အပြင်က သွယ်ရင် ဈေးပိုကြီးတယ်တဲ့။ ဖြစ်ပြန်ရော..။ အဲ့ဒါဆိုလည်း မျက်နှာကြက်ထဲက ၀င်သွယ်ပေါ့.. ဆိုတော့ ကျေးဇူးရှင်က မျက်နှာကြက်နဲ့ မဆန့် ဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ အိမ်အပြင်ကပဲ သွယ်လိုက်ပြီး... လျော့ဈေးနဲ့ ရလိုက်ပါတယ်ပေါ့...။

ဈေးနှုန်းတွေလား... ဖရစ်ဂျီ ကောင်က တစ်လုံး ၇၀၀ နှုန်း၊ လျပ်စစ်ကောင်ကို တစ်လုံး ၄၅၀ နှုန်း ပေးလိုက်ရကြောင်းပါ။
တန်လား မတန်လားကတော့ အဲကွန်းတပ်ပြီး နောက်တစ်နေ့မှာ ကျန်မတို့မြို့မှာ အပူချိန် စံချိန်တင်ပါတယ်...။ ၄၉.၉ စင်တီဂရိတ် ပါတဲ့။

(အိမ်မှာ ပြောဖြစ်တဲ့ ရယ်စရာကတော့ ကျန်မက အခု လုပ်နေတဲ့ အလုပ်ထွက်ပြီး အဲကွန်း တပ်စားတာကမှ ဟုတ်ဦးမယ်ဆိုပြီး ပြောဖြစ်နေပါတယ်။ ဒါပေမယ့် အဖေက ဖရစ်ဂျီကောင်က ၂ကောင် အဲကွန်းရဲ့ အောက်ဒိုးယူနစ်ကို တစ်ယောက်တည်း စွေ့ကနဲနေအောင် မ သွားတာ။ အိမ်ပြောင်းတုန်းက မြန်မာ ၃ ယောက် အော်ဟစ်ပြီး မ ယူရတာပါ။ အဲကွန်း မ မ နိုင် တာနဲ့ပဲ အခု အလုပ်ပဲ ဆက်လုပ်ရဦးမှာပေါ့လေ။) ...

ဒါကတော့ အိမ်ပြောင်းတဲ့ အကြောင်းပေါ့။ ၂၀၀၉ ဇန်န၀ါရီ ၁၄ မှာပဲ ရေးခဲ့ပါတယ်။

... အိမ်ပြောင်းတဲ့ အကြောင်း ရေးရဦးမယ်။
ပြောင်းတာက ဝေးဝေးလံလံ မဟုတ်ဘဲ၊ ကားနဲ့မောင်းရင် ၃-၄ မိနစ်လောက်ပဲ ကြာတဲ့ နေရာပါ။ ဒါကြောင့် အချိန်ကို မရအရ ဆွဲနိုင်သလောက် ဆွဲပြီး အချိန်နဲ့ ပိုက်ဆံယူတဲ့ ရီမူဗယ်လစ်စ် တွေကို ပိုက်ဆံပေးရမှာ နှမြောတာနဲ့... အော်စီတွေ နည်းအတိုင်း ထရပ်ကားသွားငှားပြီး ကိုယ်တိုင် ပြောင်းကြပါတယ်။

ထရပ်ကားက တနေကုန်လုံးငှားမှ ရီမူဗယ်ရဲ့ ၁ နာရီစာပဲ ကျတာမို့ တန်တယ် ဆိုပြီး ငှားဖြစ်တာလည်း ပါပါတယ်။ အိမ်မှာလည်း စိုးရိမ်ရတဲ့အရာဆိုလို့ ရေခဲသေတာပဲ ရှိပါတယ်။ ကျန်တာတွေက ဒီလိုပဲ ထုပ်ပိုးပြီး တင်လိုက်ရင် အေးဆေး ၀င်သွားမယ် ဆိုပြီးတော့ပေါ့။ (ဥပမာ ခုံ တွေ စားပွဲတွေက နည်းနည်းပါးပါး ပွန်းလည်း ကိစ မရှိဘူးလေ။) အိမ်က ကားအသေးနဲ့ ခေါက်ပြန် အခေါက် ၂၀ လောက် တနိုင်တပိုင်လည်း ပြောင်းကြပါသေးတယ်။

ထရပ်ကား သွားငှားတော့မှ ရယ်ရတယ်...။ ကားငှားတဲ့ ကုမဏီက သူတို့ကားက ခဏခဏ ဟိုတိုက်ဒီတိုက် ဖြစ်ဖူးကြောင်း၊ နည်းနည်းပါးပါး တိုက်လာလည်း ကိစ မရှိကြောင်းတောင် ပြောသေးတယ်။ ယောက်ျားကတော့ ကားအကြီးကြီး မောင်းရမှာ ခပ်လန့်လန့် ပေါ့။ ကြီးတော့ ကြီးသား... ။ ကားထဲမှာ ပစည်းတင်တဲ့ ထရော်လီရယ် (လှေကားတက်တဲ့ဘီးနဲ့ဟာမျိုး) စောင်လိုမျိုး ပစည်းထုပ်တဲ့ အ၀တ်ကြီး ၅ ထည်ရယ် ပါပါတယ်။

အဖေနဲ့အမေကို ကလေးကြည့်ခိုင်းပြီး ကျန်မတို့ နှစ်ယောက် မ လိုက်ကြတာ... လူကြီးတွေလည်း မနေနိုင်လို့ ၀င်မ တာလည်း မ ပေါ့။ ကလေးကလည်း လိုက်ရှုပ်... ကားတစ်ဝက်လောက်လည်း ၀င်ပြီးရော ဟောဟဲ ဆိုက်နေရော။ အိမ်မှာက ပစည်းက လျော့တောင် မလျော့သလိုပဲ။ နောက်တော့ သူငယ်ချင်း ၂ ယောက်က ကူမယ်ဆိုပြီး ရောက်လာတော့မှပဲ... ကျေးဇူးတင်လိုက်ရတာ မပြောပါနဲ့။ (ကိုယ်တွေက အားနာလို့ လာပါလို့လည်း မခေါ်ထားတော့၊ သူတို့ဟာသူတို့ လာတော့ မုန့်ဟင်းခါး အပြတ်ကျေးလိုက်ရပါတယ်။)

ကားကြီးကလည်း ဒယီးဒယိုင် လှုပ်တုတ် လှုပ်တုတ်နဲ့ ... နောက်ဆုံး ကား ၂ ခေါက် ဆွဲလိုက်တော့မှပဲ.. ပစည်းတွေ ပြတ်ပါတယ်။ ရေခဲသေတာ သယ်တဲ့အချိန်မှာ အားလုံး မနိုင်မနင်းနဲ့ ဖြစ်ချင်သလို ဖြစ်နေတော့... တော်တော် နောင်တ ရလိုက်ပါတယ်... ရေခဲသေတာများ ပျက်သွားရင် ရီမူဗယ်ခ ထက်မက ပေးရတော့မယ် ဆိုတဲ့ အတွေးက တော်တော် ဖိစီးပါတယ်။ ဒါပေမယ့် အားလုံးပြီးသွားတော့... ဆေ့ဖ် ဖြစ်သွားတဲ့ ပိုက်ဆံကို တွက်လိုက်တော့ တော်တော် ပီတိ ဖြစ်ရတယ်။

နောက်ဆိုရင် အဲ့လို ထရပ်ကားမျိုး တွေ့တိုင်း ဝေးဝေးက ရှောင်ရမယ်ဆိုတာတော့ မှတ်သွားတာပေါ့။
....

အဲ့ဒီလိုနဲ့ ၂၀၀၈ ခုနှစ် ကုန်ဆုံးပြီး ၂၀၀၉ ခုနှစ်ကို အိမ်အသစ်လေးမှာ စတင်ခဲ့ကြတာပေါ့။

No comments: