၂၀၀၉
အိမ်အသစ်လေးနဲ့ စခဲ့တဲ့ ၂၀၀၉ အစပိုင်း မှာ ကျန်မတို့ မိသားစုလည်း တက်ကြွဖျတ်လတ်နေတာပေါ့။ ၆လ ဗီဇာနဲ့ လာနေတဲ့ မာမီတို့ ပြန်ခါနီးမှာ ကျန်မနောက်တစ်ခေါက် စာမေးပွဲဖြေဖို့ ရက်ရပြန်တယ်။ အဲ့ဒီလိုနဲ့ ဆောင်းဝင်ကာစ Melbourne မြို့ကို ရောက်ခဲ့ပြန်တယ်။
အေးစက်တဲ့ မနက်ခင်းမှာ စာမေးပွဲဖြေရတယ်။ အရင်တခါနဲ့ မတူလောက်အောင် ပိုင်ပိုင်နိုင်နိုင်ဖြေခဲ့ပြီး သိပ်အားရတာပေါ့။ Melbourne မြို့ထဲကိုလည်း လျောက်လည်ဖြစ်တယ်။ မသွားမဖြစ်တဲ့ Rod Laver Arena ကို အရောက်သွားခဲ့တယ်။ အပြန်လမ်းမှာလည်း ပျော်ရွှင်တက်ကြွပြီးတော့ပေါ့။ ဒါပေမယ့် အောင်စာရင်း ထွက်တဲ့နေ့မှာတော့ ဘ၀ကြီးက တစစီ ကြေမွသွားသလိုဖြစ်ခဲ့ရပါတယ်။ သားလေးက ကျန်မငိုတာကြည့်ပြီး စာမေးပွဲဆိုတာ တော်တော် ကြောက်စရာကောင်းတယ်လို့တောင် ထင်သွားပါတယ်။
ဒီလိုနဲ့ပဲ ဘ၀ကို ဆက်ပြီး လှိမ့်ရတာပေါ့လေ။ စစချင်းမှာ မာစတာဘွဲ့အတွက် စာတမ်းရေးဖို့တွေဘာတွေ ပြင်ဆင်ထားတာတွေလည်း ဆက်မလုပ်ချင်တော့ဘူး။ နောက်တခါ ဖြေခွင့်ရတဲ့အထိ အလုပ်ထဲမှာပဲ စိတ်နှစ်လိုက်တော့မယ်ဆိုပြီး အလုပ်ပဲ ဖိလုပ်နေဖြစ်ပါတယ်။ ကံကောင်းချင်တယ် ပြောရမလား... ကျန်မအဲ့ဒီအချိန်မှာ လုပ်နေတဲ့ ဌာနက ကျန်မသိပ်ကြိုက်တဲ့ ဘာသာရပ်ဖြစ်ပြီး အဲ့ဒီက ဘော့စ် တွေက ကျန်မကို နောက်နှစ်မှာ အဆင့်ကျော်ပြီး ရာထူးတိုးပေးဖို့ အထိ ဆုံးဖြတ်လိုက်ပါတယ်။ အရှုံးထဲက အမြတ်ပေါ့။ အဲ့ဒီ ရာထူးတိုးပေးတဲ့စာ ရောက်လာတုန်းက ကျန်မတို့မိသားစုက Great keppel island ကို သွားလည်နေတုန်းပေါ့။ ပျော်လိုက်တာဆိုတာလေ။
Domestic violence ကိစ္စတွေမှာလည်း ကြားဝင်ပါပြီးတော့ တရားရုံးတွေ ဘာတွေ ရောက်ဖူးသွားတယ်။ ခင်မင်ခဲ့တဲ့ မိတ်ဆွေတချို့ကိုလည်း မတူညီကြတဲ့ အယူအဆတွေကြောင့်ပဲ လက်လွှတ်လိုက်ရတယ်ပေါ့။
နောက်ပြီးတော့ ကို့ အလုပ်လေးကလည်း အခြေကျသလောက် ဖြစ်လာပြီ ဆိုပြီးတော့ ကားတစ်စီးထပ်ဝယ် ဖြစ်ခဲ့ပါတယ်။ အကြွေးပေါ် အကြွေးတွေ ဆင့်လာတာပေါ့လေ။
၂၀၀၉ မှာ အရေးအကြီးဆုံး နဲ့ အဓိက အကျဆုံး အပြောင်းအလဲကတော့ သမီးလေးကို ကိုယ်ဝန်ရတာပါပဲ။ သားလေးနဲ့ အသက်အရမ်းကွာမှာစိုးလို့ ကလေးယူမှ ဖြစ်တော့မယ်ဆိုတဲ့ အချိန်မှာ သမီးလေးက မြန်မြန်ဆန်ဆန်ပဲ ရောက်လာခဲ့ပါတယ်။ အစစ အရာရာ ပြင်ဆင်နေခဲ့တာပေါ့။
၂၀၀၉ မှာ အရှိန်ယူလာတဲ့ အရာတွေ အားလုံးဟာ ချိန်ကိုက်ဗုံးတစ်လုံးလို ၂၀၁၀မှာ တတီတီ မြည်လာတော့မယ်ဆိုတာကိုတော့ လုံးဝမသိခဲ့ပါဘူး ရှင်။
Wednesday, 23 June 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment