ကင်မရာတွေ အကြောင်းပြောရရင်တော့ စစချင်း ဒစ်ဂျစ်တယ်ကင်မရာဆိုတာ မြင်ဖူးတာ ဆိုနီက ဆိုက်ဘာရှော့ ဘိုးအေလေး တစ်လုံးပါ။ ၂၀၀၁ က အဖေ၀ယ်လာတာ။ အဲ့ဒီတုန်းကတော့ ကွန်ပျူတာထဲကို ပုံလေးထည့် အီးမေးလ်နဲ့ အတက်ခ်ျလုပ်ပြီး ပို့ရတာကို အဟုတ်မှတ်နေတာ...။ (အခုထိလည်း အဲ့လိုပဲ လုပ်နေတုန်းပါပဲ) ပုံထွက်က မကောင်းဘူးမှတ်တာပဲ။ အဲ့ဒီကင်မရာနဲ့ ရိုက်လိုက်တိုင်း ရုပ်ဆိုးလို့ ဆိုင်ဘာရှော့ ဆိုရင် ထပ်ကို မ၀ယ်တော့ဘူး။ ပုံရှာတာ မတွေ့လို့... ပုံမြင်ရတဲ့အကွက်က အပေါ်ကို လှန်ရတဲ့ ကင်မရာမျိုး။
နောက်ပြီး တရုတ်က ကင်မရာတွေ ပေါများလာတော့ အမ်ပီသရီးရော ဗီဒီယိုရော ဓာတ်ပုံရော အသံရော လုပ်လို့ရတဲ့ ကင်မရာအပေါစားလေးတွေ သုံးဖြစ်ပါတယ်။ သူကလည်း သေးသေးကွေးကွေးနဲ့ တော်တော် အလုပ်ဖြစ်ပေမယ့် လက်တုန်သွားရင် ပုံက စုတ်ပြတ်သွားရော...။ သံယောဇဉ်မပြတ်လို့ ဒီကိုတောင် တစ်လုံးသယ်လာပါသေးတယ်။ တော်တော်တော့ အကြမ်းပတမ်းခံတဲ့ ကင်မရာလေးပါပဲ။ လွယ်လွယ်ကူကူပဲ ပုံရှာတွေ့လို့ တင်လိုက်ပါတယ်။
နောက်ပြီးတော့ ယောက်ျားဝယ်တဲ့ ကင်မရာ ကိုဒတ်က တစ်လုံး။ ပုံးထဲထည့်ပိတ်ထားလိုက်တော့ မော်ဒယ်နံပါတ် မမှတ်မိဘူး။ အဲ့ဒီအလုံးလေးက ပုံလေးတွေ မဆိုးပါဘူး။ ဒါပေမယ့် သူက မကြိုက်ဘူးဆိုပြီး နောက်ထပ် ဖူဂျီက တစ်လုံး ထပ်ဝယ်ပါတယ်။ အဲ့ဒီဖူဂျီကြီးကတော့ တော်တော် ရိုက်ဖြစ်လိုက်တယ်။ အခုတော့ သားသားလက်ချက်နဲ့ မမ်မိုရီကဒ်ပျောက်သွားလို့ (၁၆ မက်တစ်ကဒ်က ဘာမှ သုံးလို့မရဘူး) ပင်စင်ပေးထားလိုက်ပြီ။
အဲ့ဒီ ဖူဂျီကြီးကို ကြီးလှချည်ရဲ့လို့ဖြစ်နေပြီး နေရာတကာ သယ်မသွားချင်တဲ့အခါ အဖေရဲ့ ကက်စီယို အိတ်စလင်းမ်လေး ငှားသုံးပါတယ်။ အဲ့ဒီကောင်လေးကတော့ ပုံထွက်လေး ဖွာတာတာ ဖြစ်နေတာကလွဲရင် မဆိုးပါဘူး။ သေးသေးကွေးကွေးလေး ဖြစ်နေတာပေါ့လေ။
အခုတော့ အဲ့ဒါလေးက ဟောင်းနွမ်းနေပြီဆိုတော့ ဟိုတလောလေးကပဲ အီးဘေးက အိတ်စလင်းမ် တစ်လုံးထပ်ဝယ်ဖြစ်ပါတယ်။ လောလောဆယ်မှာ အသစ်ဆုံးဆိုတော့ အဲ့ဒါလေးနဲ့ပဲ လျောက်ရိုက်နေတာ တော်တော်တန်နေပြီလို့တောင် ပြောလို့ရပါတယ်။ သူကတော့ ဖန်ရှင်တွေ အများကြီးပါပြီးတော့ လက်တုန်လည်း ကိစ္စမရှိ၊ ပုံကလည်း ကြီးတော့ ကြိုက်တဲ့နေရာလေးတွေပဲ ခရော့ပ်လုပ်လိုက်နဲ့ ... တော်တော် ကလိလို့ကောင်းနေပါတယ်။ ငွေရောင်တွေ ကြည့်ရတာရိုးလာလို့ အမည်းရောင်ဘက် ပြန်လှည့်ကြပြန်ရော ထင်ပါတယ်။ အငှားကြွား ဓာတ်ပုံလေး တင်လိုက်ပါတယ်။အခုနောက်ဆုံး ကိုယ်ပိုင်ဖြစ်အောင် ၀ယ်မယ်လို့ ကြံနေတာကတော့ အိုလံပတ်စ်က လွတ်ကျလည်း ဘာမှ မဖြစ်ဘူးဆိုတဲ့ ကင်မရာလေးတွေပါ။ ၂မျိုးကို ဘယ်ဟာဝယ်ရမှန်း မသိဘဲ ချိန်နေတုန်း ရှိပါသေးတယ်။ ပိုက်ဆံဈေးလေးတက်တုန်း ၀ယ်လိုက်မှဆိုပေမယ့် မော်ဒယ်အသစ်နဲ့ ဖန်ရှင်ပိုကောင်းတာနဲ့ကို ရွေးလို့မရ ဖြစ်နေတာ... ။၂ ပုံလုံးတင်လိုက်ပါတယ်။

ပရော်ဖက်ရှင်နယ်လည်းမဟုတ်တော့ ပုံထွက်ရင်ပြီးရော အကြမ်းခံရင်ပြီးရောနဲ့ ကင်မရာတွေလည်း အိမ်မှာ ပွစိထနေပါပြီ။ လွှင့်ပစ်ရမှာလည်း နှမြော... အသစ်ထွက်ရင်လည်း ၀ယ်ချင်နဲ့... အဖြစ်ကဆိုးပါတယ်။
(နောက်ဆက်တွဲသတင်း။ ။ အဲ့ဒီပို့စ်တင်ပြီး တစ်ပတ်ခန့်အကြာမှာ olympus 770sw ကင်မရာကို ၀ယ်ဖြစ်သွားတဲ့အတွက် နောက်တစ်မျိုးပုံကို မတင်တော့ပါဘူး။ အခုထိတော့ olympus လေးနဲ့ အဆင်ပြေနေပါတယ်။ နည်းနည်းလေးထူတာကလွဲရင် အကြမ်းပတမ်းခံတယ်ဆိုတော့ သုံးပျော်တဲ့ ကင်မရာလေးတစ်လုံးပါ။)
Powered by ScribeFire.
No comments:
Post a Comment