မြန်မာပြည်မှာ တစ်လ၀င်ငွေ သိန်းဆယ်ဂဏန်း ရှိနေတဲ့ သူငယ်ချင်းနဲ့ ဂျီတော့ခ် ပြောဖြစ်ပါတယ်။ အော်စီမှာ လေဘာအစိုးရတက်သွားတော့ ငါတို့လို ဆင်းရဲသားတွေ ကောင်းစားတော့မယ် ထင်တယ်ဆိုတဲ့စကားကို သူငယ်ချင်းက ရယ်ပါတယ်။ နင်က ဆင်းရဲသားဆိုတော့ ငါက ဘယ်လိုလုပ်မလဲ ဆိုပဲ။ သူက သူ့ပတ်ဝန်းကျင်မှာ ဆင်းရဲသား မဟုတ်ပါဘူး။ ကျွန်မတို့က ကျွန်မတို့ပတ်ဝန်းကျင်မှာ သဌေးတွေ သွားတဲ့လာတဲ့ စားတဲ့သောက်တဲ့နေရာတွေနဲ့ နိစ္စဓူဝ မအပ်စပ်သူတွေမို့ ဆင်းရဲသားလို့ ပြောလိုက်တာပါ။ ယေဘုယျအခေါ်တော့ လူလတ်တန်းစားပြောရမလား...။
လူလတ်တန်းစားပေမယ့် စိတ်လက်ချမ်းသာနေနိုင်တဲ့ဘ၀မျိုးတော့ မရောက်သေးပါဘူး။ ရုန်းကန်ရဦးမယ်... လှုပ်ရှားရဦးမယ်။ အနည်းဆုံး အိမ်လေးတစ်လုံးပိုင်အောင် မိသားစုလေးကို တင့်တောင့်တယ်တယ် ဖြစ်အောင် ရုန်းနေရသေးတယ်။
အခုရက်ပိုင်းက အိမ်မှာ လူကြီးတွေ ရှိနေလို့ အငြိမ်းစားအပြည့်ရနေတဲ့ ကျွန်မကတော့ ဟိုတွေးဒီတွေးနဲ့ ရင်မောနေရတာတွေကလည်း အများကြီး...။ အလုပ်ကိစ္စတင်ထားတဲ့ စာရွက်စာတမ်းတွေ ပြီးပြတ်ပါ့မလား ဗီဇာကိစ္စအဆင်ပြေပါ့မလား မြို့ပြောင်းဖို့ကိစ္စတွေရော ဘယ်လိုဖြစ်မှာလဲ စာမေးပွဲအတွက်ရော ကောင်းကောင်းပြင်ဆင်နိုင်ပါ့မလား ပြီးတော့ နောက်နှစ် အလုပ်ပြန်လျှောက်ဖို့ကိစ္စအထိကို ပူနေရတော့တာပဲ။ အခုကာလက မုန်တိုင်းတစ်ခုစကာနီး ငြိမ်နေတဲ့ရေပြင်လိုပဲ။ အရာရာက ကောင်းတဲ့ဘက်ရော ဆိုးတဲ့ဘက်ရော တဘက်ဘက်ကို ဆွဲချသွားနိုင်တဲ့ အခြေအနေမှာ စိတ်လက်မချမ်းသာ ဖြစ်ရတာ မဆန်းပါဘူးနော်။
အမှန်ကတော့ ကိုယ့်ရဲ့ ကြိုးစားမှုတွေကို ရပ်ပစ်ဖို့ မသင့်တဲ့အချိန်ပေမယ့် ရသလောက် break ယူမယ်ဆိုတဲ့ မကောင်းတဲ့စိတ်က အနိုင်ရနေတော့ ဖိုရမ်လေးဖတ်လိုက် သူငယ်ချင်းတွေနဲ့ ချတ်လိုက် လုပ်စရာမရှိတော့ ဘလော့ဂ်ဘက်လှည့်လာလိုက်နဲ့ ကွန်ပျူတာရှေ့မှာ အဆီစုတဲ့အလုပ် လုပ်ဖြစ်နေပါလေရော။
ဟိုလိုလို ဒီလိုလိုဘ၀ကနေ မြန်မြန်ကျွတ်မှပါပဲ။
....
Powered by ScribeFire.