Tuesday, 24 July 2007

တလမ်းတည်း အတူ လျှောက်ခဲ့ကြသူများ အကြောင်း

လူ့လောကမှာနေတာလည်း နှစ်ပေါင်းများစွာကြာပြီဆိုတော့ လျှောက်ခဲ့ရတဲ့ လမ်းတွေလည်း မိုင်တော်တော်များပြီ... ကျွန်မရဲ့ ခြေလှမ်းများစွာမှာ အတူလိုက်ပါခဲ့ဖူးတဲ့ ဖိနပ်လေးတွေ အကြောင်း မှတ်တမ်းတင်ချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်...။

ဖိနပ် အရမ်းကြိုက်တဲ့ အကြောင်း စပြောရင်တော့ ကျွန်မ ၂ နှစ်သမီးအရွယ်လောက်က စစ်ကိုင်းမြို့နေ စပြောရမှာပဲ။ ညနေခင်းတစ်ခုမှာ အိမ်နီးချင်းတွေနဲ့စုပြီး တနေရာကိုသွားကြတော့ ဒေါက်ဖိနပ်အနီလေး တစ်ရံနဲ့ သိပ်ပြီး စိတ်ကြီးဝင်နေတဲ့ကျွန်မက ချော်လဲပါလေရော...။ အားလုံးက ဖိနပ်ကြောင့်လို့ ပြောပေမယ့် ကျွန်မကတော့ လမ်းပေါ်က ကျောက်ခဲတွေကြောင့်ပါလို့ အကြောင်းပြခဲ့တယ်လေ။ အဲ့ဒီ ညနေလေးအကြောင်းကို အခုထက်ထိ စွဲစွဲမြဲမြဲကို မှတ်မိနေသေးတာ...။

ငယ်ငယ်တုန်းက စီးဖူးတဲ့ ဖိနပ်လေးတွေထဲမှာ မှတ်မှတ်ရရဆိုလို့ ခုံဖိနပ် အသေးလေးတစ်ရံရယ်... အဲ့ဒီ ခုံဖိနပ်လေးကို ကျွန်မမကြိုက်ပါဘူး။ လူကြီးစီးတဲ့ ခုံဖိနပ်လို ကွင်းထိုး မဟုတ်ဘဲ ဂျပန်ခုံဖိနပ်လို ခြေညှပ် ဖြစ်နေလို့ လူကြီးသိပ်လုပ်ချင်တဲ့ ကျွန်မအတွက် သိပ်ပြီး အဆင်မပြေခဲ့ဘူးပေါ့။ နောက်ပြီးတော့ ကုလားဖိနပ်လို့ ခေါ်တဲ့ ခြေမစွပ် ဖိနပ်လေးတစ်ရံ (အညိုရောင်လေး) ရှိခဲ့တယ်။ နောက်ပြီးတော့ ပြည် နဲ့ ရန်ကုန် နှစ်မြို့မှာ ကွင်းထိုးဖိနပ်လိုချင်လို့ ပြဲပြဲစင်အောင် ရှာပေမယ့် မတွေ့လို့ စိတ်ဆင်းရဲခဲ့ရဖူးတယ်။ အခုခေတ်ကျတော့လည်း ကွင်းထိုးဖိနပ်တွေက ပေါ်လိုက်တာ ... ကလေးတွေ ကံကောင်းကြတယ်။

အဖေက ပြင်ဦးလွင်ကနေ တောဘွတ် ဖိနပ် အနီလေးတစ်ရံ ပို့ပေးလိုက်တာ သတိရတယ်။ အဲ့ဒီ ဖိနပ်ကို ကျောင်းကို စီးသွားဖို့အထိ ကျွန်မမှာ သတ္တိမရှိခဲ့ဘူး။ ကျွန်မက လူတွေကြားထဲမှာ ထူးခြားထင်ရှားနေမှာကို အမြဲတမ်း စိုးရိမ်နေတတ်တာလေ။

Wednesday, 18 July 2007

မနက်ဖြန်ဆိုရင်လည်း...

အခုလောလောဆယ် G talk မှာ ရေးထားတဲ့ စာသားလေးပေါ့။ မနက်ဖြန်တွေကိုတွေးပြီး ရင်မောနေမိတာ...။ ဒိုင်ယာရီရေးတဲ့ အကျင့်ကလည်း မရှိ... အကျင့်ဆိုတာ မွေးယူလို့ရတာမျိုးလည်း မဟုတ်တော့ ခက်သား။ ဒိုင်ယာရီတွေ ၀ယ်ဝယ်ပြီး နှစ်တွေသာကုန်သွားတယ်။ မှတ်မှတ်သားသားဆိုလို့ ဘာမှ မကျန်ခဲ့ဘူး။ တခါတလေလည်း အဲ့လို မကျန်တာပဲ ကောင်းတယ်လို့ တွေးမိတယ်။ နို့မို့ အတိတ်ကို တသသ ဖြစ်နေရတာနဲ့ပဲ ရှေ့ဆက်တိုးဖြစ်မှာ မဟုတ်ဘူး။

ဘ၀တစ်ခုတိုးတက်ဖို့ရာမှာ ကံ ဥာဏ် ၀ီရိယ ဆိုတာ အရေးအကြီးဆုံးဆိုပြီး ငယ်ငယ်ကတည်းက ကြွေးကြော်နေခဲ့ဖူးတယ်။ အခုအချိန်မှာတော့ ကံရော ဥာဏ်ရော လုံးပါးပါးနေပြီလို့ ခံစားနေရပြီးတော့ တသက်လုံး အသုံးမချတဲ့ ၀ီရိယကလည်း ဘယ်နားရောက်နေပြီမှန်းကို မသိဘူး။ ကိုယ့်ကိုယ်ကို အားမရဖြစ်ခြင်းတွေနဲ့ပဲ နေ့တွေညတွေ တလှည့်စီ ဖြစ်နေကြသလား။

ဘ၀ဟာ လှေကားထစ်တွေဆိုရင် အထစ်ပေါင်းများစွာတော့ တက်ခဲ့ပြီးပြီ။ ထိပ်ဆုံးကို ရောက်ဖို့နေနေသာသာ ရောက်တဲ့နေရာလေး မြဲအောင် ကုပ်ကတ်တွယ်နေရတယ်။ ဘေးပတ်ပတ်လည်မှာလည်း ကိုယ်လို သူလို ရုန်းကန်တဲ့သူတွေ အများကြီးပေါ့။ အခု အချိန်မှာ အချိန်ရယ် ပိုက်ဆံရယ် နှစ်မျိုးကို ငတ်ငတ်မွတ်မွတ် ဖြစ်နေရတယ်။ အချိန်နဲ့ပိုက်ဆံ မလိုချင်လောက်အောင် ပေါများလာတဲ့အခါ အခုပိုင်ဆိုင်ပြီးသားလေးတွေ မြဲနေဖို့ပဲ ဆုတောင်းရတာပဲ။

ပစ္စုပန်ကို တည့်တည့်ရှု။ မနက်ဖြန် အလုပ်သွားရမယ် ဈေးဝယ်သွားရမယ်. သန်ဘက်ခါ စာကျက်သွားရမယ် အလုပ်သွားရမယ်. စနေနေ့ အလုပ်သွားရမယ် စာသင်သွားရမယ် ညစာသွားစားရမယ် တနင်္ဂနွေနေ့ ... နားရမယ်လို့ မထင်ပါနဲ့ အချိန်ဆိုတာ ခဏလေးကုန်သွားဦးမယ်....ဘ၀... ဘ၀ (တ မိပြန်ပြီ နောက်တစ်ခါ)

ဒီလိုနဲ့ပဲ... ခနော်နီ ခနော်နဲ့ ခြေလှမ်းတွေနဲ့ ဘ၀ထဲကို စမ်းတ၀ါးဝါး တိုးဝင်ခဲ့လာတဲ့ ကိုယ့်ရဲ့ မနက်ဖြန်တွေဟာ ပုံသေကားချပ်ထဲက ရုန်းထွက်ဖို့ တိတ်ဆိတ်တဲ့ပေါက်ကွဲသံအချို့ ပဲ့တင်ထပ်နေပြီး အစိတ်စိတ်ကြေနေတဲ့ မျှော်လင့်ချက်တွေကို မှန်းဆကြည့်နေတုန်း...

သြော်... မနက်ဖြန်ဆိုရင်လည်း...

Saturday, 7 July 2007

စနေနေ့လေး အကြောင်း

ကုန်တော့မယ် စနေနေ့လေး... နှမြောတသစွာနဲ့ပဲ နာရီကို ငေးနေမိတယ်။ မျှော်နေသူတစ်ယောက်က ပြန်မရောက်လာသေး။ သားလေးကတော့ အိပ်သွားပြီ။ ကြော်ထားတဲ့ပုစွန်တွေလည်း အေးလောက်ပြီ။ လူလည်း ပင်ပန်းနုံးချိပြီး ရူးချင်နေပြီ။

မနက်က စောစောစီးစီး သားလေး နိုးနေတော့ အိပ်ရေးကပျက်၊ အလုပ်သွားတော့လည်း စိတ်ကမပါ၊ နေ့လည်စာက ၀က်သားမျှစ်ချဉ် တက်စာ၊ နေ့လည် မchris ရဲ့ လက်ချာမှာ တ၀ါးဝါး သမ်းလို့။ ပန်းကန်ထဲက လဘက်သုတ် နဲ့ ရေနွေးပန်းကန်ရယ်၊ ခေါင်းလှည့်ကြည့်မှ မြင်ရတဲ့ တိုင်ကပ်နာရီရယ်ကိုပဲ မျက်လုံးက ရောက်နေတော့တာ။ အပြန်မှာ vietnamese pork roll လေး ၂ လိပ်လောက် ၀ယ်စားမယ့် အစီအစဉ်ကလည်းပျက်၊ အိမ်ကို အပြေးတစ်ပိုင်းနဲ့ ပြန်လာရတာ....

အင်း... ပို့စ်လေးရေးနေရင်းနဲ့ သားလေးက ခဏနိုးလာလို့ ပြန်သွားသိပ်လိုက်တာ... ယောက်ျားပြန်လာတဲ့အထိပဲ။ အမှတ်တရဖြစ်အောင် ပို့စ်လေးကို ဆက်မရေးဘဲ ထားလိုက်တယ်။ ဆက်ရေးချင်တဲ့ အကြောင်းတွေကတော့ အိမ်ပြန်ရောက်တော့ ယောက်ျားက ကားသော့ကို ကိုင်ပြီး လူတစ်ခြမ်းက အိမ်ပြင်ထွက်နေပြီ။ သားလေးက အိပ်နေတုန်း မို့ အ၀တ်လဲမယ် နားမယ် စားမယ် စဉ်းစားတုန်း သူ့အဖေ တံခါးပိတ်သံနဲ့အတူ နိုးထ လာ။ အိပ်ရေးကလည်း ခပ်၀၀ ဆိုတော့ ပြန်သိပ်လို့လည်း မရ... တညနေလုံး လုံးလည်ချာလည် လိုက်နေတာ။ သူပြန်အိပ်သွားမှ ပုဇွန်လေးပြေးကြော် ... ည၁၁ ထိုးခါနီးမှပဲ ဟင်းချက်နိုင်တဲ့ အဖြစ်။

၀၇၀၇၀၇ သူများတွေအတွက် လပ်ကီးဖြစ်ချင်ဖြစ်မယ်။ ကျွန်မအတွက်တော့ ဘီးဇီး လို့ ပြောရမလား...

Friday, 6 July 2007

ကြီးလာရင် ဘာလုပ်မှာလဲ။

ယောက်ျားနဲ့အတူ မနေ့ညက wimbledon tennis ကြည့်ကြတယ်။ Australian Open တုန်းက စထားတဲ့ ဇာတ်လမ်းက ပြန်ဆက်လာပြန်တယ်။ သူက သားလေးကို professional tennis player ဖြစ်ဖို့ပါရမီများပါခဲ့ရင် ဖြစ်စေချင်တယ်တဲ့။ ကျွန်မကတော့ လက်မခံနိုင်ပါဘူး။ ကမ္ဘာ့အဆင့်(၁) ရခဲ့ဦးတောင် ကြာကြာမြဲနေဖို့ဆိုတာ လွယ်တာမှမဟုတ်ဘဲ။ ပြီးတော့ ကျွန်မက သားလေးကို အားကစားသမားတို့ အနုပညာရှင်တို့ ဘယ်တော့မှ မဖြစ်စေချင်ပါဘူး။ သူများကို entertain လုပ်တဲ့သူတစ်ယောက် အဖြစ် အသက်မမွေးစေချင်ပါဘူး။

ဘောလုံးသမားဖြစ်ဖို့ထက် ဘောလုံးပွဲကို ကြည့်တဲ့သူဖြစ်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကွင်းထဲဆင်းပြီး နေပူကျဲတဲမှာ ချွေးသံတလုံးလုံးနဲ့ ပိုက်ဆံရှာနေရတာကို မီလျံနဲ့ပဲ ချီရရ ကျွန်မကတော့ သဘောမတူနိုင်ပါဘူး။ ပြီးတော့ ပညာတတ်အသိုင်းအ၀ိုင်းက ပေါက်ဖွားလာတဲ့သူတွေအနေနဲ့က ပညာနဲ့ပဲ ဆက်ပြီး အသက်မွေးသင့်တယ်လို့ပဲ ယူဆပါတယ်။

နေးတစ်ဖိုရမ်မှာ အခုဆို ဖြူဖြူကျော်သိန်းကို ဝေဖန်ရေးတွေ ရေးနေကြပါတယ်။ အနုပညာ အလုပ်လုပ်ပြီဆို ဝေဖန်တာတော့ ခံရမှာပဲ။ မကြိုက်တဲ့သူက မကြိုက်သလို ပြောလို့ရသလို ကြိုက်တဲ့သူက ကြိုက်သလို မြှောက်စားကြမှာပဲ။ ဒါပေမယ့် ကျွန်မသာ သူ့နေရာမှာဆို ဆရာဝန်အလုပ်ကိုပဲ ရွေးဖြစ်မယ် ထင်ပါတယ်။ အခု ချမ်းသာနေကြတဲ့ အနုပညာရှင် အားကစားသမားတွေက အခုမှ လူကုံထံအသိုင်းအ၀ိုင်းမှာ နေရာရလာကြတာပါ။ ပြီးတော့ သူတို့ သားသမီးတွေ ပညာတတ်ဖို့ကောင်းစားဖို့ ရုန်းကန်နေကြတာလို့ မြင်ပါတယ်။ ကိုယ်တွေက ပညာတတ်အသိုင်းအ၀ိုင်းမှာ နေပြီး သားသမီးကို ပညာအမွေပဲ ပေးချင်ပါတယ်။

အားကစားကို အိမ်မှာ အပျော်သဘော ဆော့တာမျိုးကို မကန့်ကွက်ချင်ပါဘူး။ ခြေဆန့်လက်ဆန့် အညောင်းအညာပြေ မိတ်ဆွေအပေါင်းအသင်းနဲ့ ပျော်ရအောင် ကစားတာ လက်ခံနိုင်ပါတယ်။ နေ့မအိပ် ညမအိပ် အပင်ပန်းခံ ကြိုးစား... ငယ်ငယ်လေးကတည်းက ဒီအားကစားတစ်ခုတည်းကို လုပ်နေဖို့ဆိုတာတော့ ဘယ်လိုမှ သဘောမတူနိုင်ပါဘူး။

သားလေးနားလည်လာမှ သားကြီးလာရင် ဘာလုပ်မှာလဲ လို့ မေးကြည့်ရဦးမယ်။