Australian Accent ဆိုတာက ကမ္ဘာမှာ နာမည်ကြီးမဟုတ်လား။ မွေးကတည်းက အင်္ဂလိပ်စကားပြောတတ်လာကြတဲ့ အင်္ဂလိပ်အစစ်တွေတောင် နားမလည်နိုင်တဲ့ အင်္ဂလိပ်လေယူလေသိမ်းပေါ့လေ။ ကျွန်မတို့မြန်မာပြည်က အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ဖူးတော့ များသောအားဖြင့် အခေါ်အဝေါ်တွေက ဗြိတိသျှဘက်နွယ်တာပေါ့။ ဒါပေသိ အမေရိကန်ယဉ်ကျေးမှုကလည်း ဟောလိဝုဒ် ရုပ်ရှင်တွေနဲ့အတူ ထိုးဖောက်လာတော့ နားလည်လွယ်တဲ့ အမေရိကန်စကားလေးတွေကိုလည်း လူတွေက သဘောကျပြန်ရော...။ အနှစ်ချုပ်လိုက်တော့ ဟိုမရောက် ဒီမရောက် အင်္ဂလိပ်စကားဖြစ်သွားတာပေါ့လေ။ ဒါပေမယ့် သြစကြေးလျမှာကလည်း မြန်မာပြည်နဲ့ သိပ်မထူးဘဲ ဟိုမရောက် ဒီမရောက် ဖြစ်တာတွေတော့ ရှိပါတယ်။ အင်္ဂလိပ်ဘုရင်စနစ်ရဲ့ လွှမ်းမိုးမှုရယ် ဒုတိယကမ္ဘာစစ်က အမေရိကန်တွေရယ် လွှမ်းမိုးမှုရယ် လူမျိုးပေါင်းစုံစုဝေးနေထိုင်မှုရယ်တွေ ကြောင့်ပေါ့။
ဒါပေမယ့် မြန်မာတွေနဲ့ မတူတာက သြဇီတွေက အရမ်းစကားများတာပဲ။ ကျွန်မတစ်ယောက်တည်းရဲ့ အမြင်ပေမယ့် တော်တော်များများ ထောက်ခံပါတယ်။ ရောက်ခါစဆိုတော့ ကျွန်မကလည်း စကားကို ချွေတာ (အထာမကျသေးတော့ ရဲရဲဝံ့ဝံ့ မပြောတတ်) သူတို့ကလည်း စကားများလိုက်ကြတာဆိုတာ စူပါမားကက်မှာ ဈေးဝယ်ပြီး ပိုက်ဆံရှင်းရင် နေကောင်းလား အစချီပြီး ပြောလိုက်တာ ပေါက်ပေါက်ကို ဖောက်ရောပဲ။ တခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်... ကြုံနေရတော့ ရောမရောက်ရင် ရောမလို ကျင့်ရမယ်လို့ပဲ ကိုယ့်ကိုယ်ကို ဆုံးမရတာပေါ့လေ။ ၀ဲကလည်းဝဲ စကားကလည်းများနဲ့ အူလည်လည်ဖြစ်ရပေါင်းကလည်း များပြီ။ မသိလို့ ပြန်မေးရင်လည်း အရှိန်ကို လျှော့ပြောရကောင်းမှန်းမသိ။ စွတ်ပြောနေကြတော့တာပဲ။ ဒီကြားထဲ သြဇီပေါက်မဟုတ်တဲ့ နိုင်ငံတကာကလာတဲ့ ကိုယ့်လို သူ့လိုလူတွေနဲ့ တွေ့ရင်တော့ ချာလပတ်ရမ်းပြီပဲ။
သြဇီစကား ထူးထူးဆန်းဆန်းလေးတွေ Aussie Slang ဆိုတာကလည်း ပြောလိုက်ကြတာ။ အကုန်လုံးကို အတိုကြိုက် ... Aussie, Woolie, Postie, Yewy, Surfie စသဖြင့် သူတို့ပြောတာတွေ မနည်းနားလည်အောင် ကြိုးစားရတယ်။ ကျေးဇူးတင်တယ်ဆို Ta တဲ့။ Mate ဆိုတာကလည်း ပြောလိုက်ကြတာ... တ မိုက် မိုက်နဲ့။
ပြီးတော့ အေ တွေကို အိုင် လို့အသံထွက်တာက အဆိုးဆုံး။ ကိုယ်က အေ လို့ ပြောရင် အီး လို့ ထင်တာလည်း ခဏခဏပဲ။ နောက်တော့ အေ လို့ မပြောဘဲ အိုင်လို့ ပြောလိုက်ရတယ်။
နေ့တိုင်း စကားလုံးတွေနဲ့ နပန်းလုံးနေရတာလည်း ပျော်စရာ တစ်ခုပေါ့လေ။
Thursday, 7 June 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment