Thursday, 28 June 2007

နင်နဲ့ငါ

ဘုရား ဘုရား... နင့်ကို အိပ်မက်မက်တယ် သူငယ်ချင်းရေ။ အိပ်မက်ထဲမှာ ငါတို့နှစ်ယောက် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် လောက်ကို ပြန်ရောက်သွားတယ်။ နင်မှတ်မိဦးမလား ဟင်။ ပြည်က နင်တို့ နေခဲ့တဲ့ နှစ်ထပ်အိမ်ကြီးလေ...။ နောက်ဆုံးနေခဲ့တဲ့ ခြံဝင်းလေးနဲ့ တစ်ထပ်အိမ်လေး မဟုတ်ဘူးလေ။ အဲ့ဒီအိမ်မတိုင်ခင်က နှစ်ထပ်အိမ်ကြီး။ အပေါ်ထပ်မှာ နင်နဲ့ငါနဲ့ အတူတူ လေဒီရှူးပုံ အဆွဲပြိုင်ကြဖူးသေးတယ်လေ။ အင်း... အခု အိပ်မက်ထဲမှာ အဲ့ဒီ အပေါ်ထပ်အခန်းမှာ မှန်အကြီးကြီးတစ်ချပ် ရှိတယ်တဲ့။ တကယ်ရှိမရှိ ငါမမှတ်မိတော့ပါဘူး ဟယ်။ အဲ့ဒီမှန်ကြီးရှေ့မှာ ငါတို့နှစ်ယောက်လုံး ဂါဝန်လေးတွေ အ၀ိုင်းလှည့်နေကြတာ။ ထုံးစံအတိုင်း ဘယ်သူ့ဂါဝန်က ပိုကားလဲ ပြိုင်နေကြတာပေါ့...။ ရယ်ရတယ်သိလား အိပ်မက်ထဲမှာ နင်ရောငါရော ပေစုတ်စုတ်လေးတွေပဲ။ အခုလို မျက်နှာပေါ်မှာ အထပ်ထပ်ဖို့ထားတဲ့ ဈေးကြီးကြီး အလှပြင်ပစ္စည်းတွေ မပါဘူးဟာ...။ ငါတို့အဲ့ဒီတုန်းက တော်တော် အပြစ်ကင်းကြသေးတယ်နော်။

အိပ်မက်ကလန့်နိုးလာတော့ ငါတော်တော်လေး နင့်ကို သတိရသွားတယ်။ ဖုန်းဆက်မလို့ စဉ်းစားပေမယ့် မဆက်ဖြစ်ပါဘူး။ နင်က အိပ်မက်ထဲက နင် မဟုတ်သလို ငါကလည်း အိပ်မက်ထဲက အရွယ် မဟုတ်တော့ဘူးလေ။ ဒါပေမယ့် ငါ့ရဲ့ မသိစိတ်မှာ နင့်ကို သတိရနေမိပါလားလို့ ငါတွေးမိတယ်။

...
ဂျပန်ကို နင်နဲ့ အတူတူသွားလည်ရရင် ဘယ်လိုများနေမှာပါလိမ့်လို့ တွေးမိဖူးတယ်။ အဲ့ဒီတုန်းက ငါက ၇တန်း နင်က ၆ တန်းပေါ့။ ငါ့ထက်အမြဲပဲ ကြီးချင်နေတဲ့ နင်ဟာ အသက်အားဖြင့် ၃ လလောက်က ငယ်သေးတယ်။ ငါက ကျောင်းကို တစ်နှစ်စောနေလိုက်တော့ နင့်ထက် တစ်နှစ်ကြီးသလို ဖြစ်သွားပြန်ရော။ နင်အစ်မလို့ ခေါ်ရတဲ့သူတွေက ငါ့သူငယ်ချင်းတွေလေ။ အေး... ထားလိုက်ပါ။ ဒီဂျပန်ကိစ္စက နင်ငါ့ကို အိပ်မက်ပေးတာလေ။ နိုင်ငံခြားဆိုတာ ပျော်စရာဘုံဗိမာန်လို့ ထင်နေခဲ့ဖူးတဲ့ ငါကတော့ နင်နဲ့နှစ်ယောက်တည်း ဂျပန်ကို သွားရမယ်ဆိုတုန်းက အရမ်းပျော်ခဲ့တာပေါ့။ လေယာဉ်ပေါ်မှာ ဘယ်လိုနေလိုက်မယ်... ဘာတွေစားလိုက်မယ်... ဘာတွေဝတ်လိုက်မယ်နဲ့... တွေးလို့ကို မပြီးနိုင်ဘူး။ နောက်တော့လည်း နင့်မိဘတွေသာ ပြန်ရောက်လာရော... နင်နဲ့ငါလည်း ဂျပန်မပြောနဲ့ .. ချောင်းသာတောင် အတူတူမသွားဖြစ်လိုက်ပါဘူး။ ဇလွန်တော့ တစ်ခေါက်ရောက်သေးတယ်နော်။

ဇလွန်သွားတုန်းက ငါက ရည်းစားရပြီးခါစ... ကားပေါ်မှာ အဖြူရောင်သူငယ်ချင်း အခွေကို ထပ်တလဲလဲ ဖွင့်နေကြတာလေ။ နင်နဲ့ငါနဲ့ အခြောက်စကားတွေ တလမ်းလုံးမိုးမွှန်အောင် ပြောခဲ့ကြတာ။ ဇလွန်ပြည်တော်ပြန် ဘုရားကြီးရဲ့ မုခ်လေးမုခ်ကနေ ငါးပါးသီလတွေဆိုပြီး ဘုရား ရှိခိုးကြတာ... အခုထိ အမှတ်တရရှိနေတုန်းပါပဲ ဟယ်။ ခရီးကပြန်တော့ ငါလည်း အခြောက်စကား တော်တော် ကျော်ရကွမ်း သွားတယ် ဟ။

....
ဆက်ပါဦးမည်။

Monday, 18 June 2007

ချစ်သူတို့ အကြောင်း


ချစ်တဲ့သူတွေ အကြောင်း ပြောရဦးမယ်။

ဓာတ်ပုံကတော့ Sydney Homebush Bay Drive နားက ပန်းခြံလေးမှာ မိသားစု ညနေခင်း ပျော်ပွဲစားထွက်တုန်းက ကျွန်မကိုယ်တိုင် ရိုက်ထားတာပေါ့။

ချစ်တဲ့သူတွေလို့ ပြောလိုက်တာနဲ့ ပထမဆုံးတစ်ယောက်ကတော့ ကို...ပဲ ဖြစ်ရမယ်လေ။ သူငယ်ချင်းတွေကို အုတ် လို့ မိတ်ဆက်ပေးပေမယ့် စကားထဲထည့်ပြောတော့ ယောက်ျားလို့ နာမ်စားသုံးဖြစ်တယ်။

၁၉၉၈ ကစလို့ အခုအချိန်ထိ နှစ်ပေါင်းများစွာ ဘ၀ရဲ့ ကောင်းခြင်းဆိုးခြင်း အနိမ့်အမြင့်တွေ ဝေမျှခံစားလို့ လက်တွဲထားတဲ့ လက်တွဲဖော်လေးပေါ့။ ကျွန်မအပေါ်မှာ နားအလည်နိုင်ဆုံးသူတစ်ယောက်ပါပဲ။ တခါတလေ ကျွန်မကိုယ်တိုင်ထက်တောင် ကျွန်မအကြောင်းကို သိနေသေးတယ် ထင်တာပဲ။ ကို နဲ့ ပတ်သက်ရင် ကျွန်မကိုယ်ကျွန်မ ကံအကောင်းဆုံးလို့ပဲ အမြဲယုံကြည်နေမိပါတယ်။

နောက်တစ်ယောက်ကတော့ သားသား။

ချစ်တဲ့ကို နဲ့ ကျွန်မကိုယ်တိုင်ရဲ့ အသွေးအသားလေးမို့ ဘ၀မှာ အရေးအကြီးဆုံးပါ။ သားလေး ဗိုက်ထဲမှာ ရောက်လာကတည်းက အရင်ကလို လွတ်လပ်ပျော်ပါးတာတွေ ဆုံးရှုံးသွားခဲ့ပေမယ့် တခါမှ နောင်တမရဘဲ သားလေးအနားမှာရောက်လာတာကို ဆုလာဘ်တစ်ခုလို သဘောထားပါတယ်။ သားလေးကို ပိုင်ဆိုင်နေရလို့ ရတဲ့ ပျော်ရွှင်မှုဟာ အရာရာကို ရင်ဆိုင်နိုင်ဖို့ အားတစ်ခုလိုပါပဲ။

ကို နဲ့ သားလေးကို စိတ်မညစ်စေချင်တာ စိတ်မဆင်းရဲစေချင်တာတွေက ကျွန်မဘ၀ရဲ့ နံပါတ်(၁)ဦးတည်ချက်ပါပဲ။ သူတို့နဲ့ ပတ်သက်ပြီးမှ အချစ်ဆိုတာကို ပိုပြီး နားလည်လာရတယ်။ အချစ်ဆိုက မျှော်လင့်ခြင်းကင်းမှပဲ ဖြူစင်မယ်လို့ အမြဲပဲ ယူဆပါတယ်။ ချစ်တဲ့သူတွေဆီက ဘာကိုမှ မမျှော်လင့်မိအောင် နေပေမယ့် တိတ်တိတ်လေး မျှော်လင့်ထားတာတွေ ရှိနေပြန်ရော...။ ကို့ကို ပိုင်ဆိုင်ရလို့ ပျော်တဲ့စိတ်နဲ့ တနေ့ကျရင် သားသားထွက်သွားတဲ့အခါ let go လုပ်နိုင်ဖို့ အားမွေးထားပါတယ်။

အခုတော့ ဘ၀မှာ ချစ်တဲ့သူတွေနဲ့ အတူ ပျော်ရွှင် အောင်မြင်တဲ့ဘ၀လေးတစ်ခု ထူထောင်ဖို့ ကြိုးစားနေရတဲ့ကာလပေါ့။ ဒီအချိန်တွေကို အတူတူ ရင်ဆိုင်ဖြတ်ကျော်နေရချိန်မှာ ကျွန်မတို့အားလုံးအနေနဲ့ ပေးဆပ်လိုက်ရတာတွေ ရင်းနှီးလိုက်ရတာတွေ ရှိတာပဲလေ။ ဒါတွေဟာ တချိန် ပြန်ကြည့်တဲ့အခါ ရယ်စရာလေးပဲ ဖြစ်ဖြစ် အမှတ်ရစရာလေးပဲ ဖြစ်ဖြစ် ကျန်နေဦးမှာပါ။

ဘ၀မှာ ဒီလိုပဲ လှေကားထစ်ပေါင်းများစွာကို တက်ခဲ့ပြီးပြီ။ ငယ်ငယ်ကတော့ မိဘတွေက တွန်းတင်ပေးတယ်ပေါ့။ နောက်တော့ တစ်ယောက်တည်း ကြိုးစားတက်ခဲ့တယ်။ နောက်ပိုင်းမှာ ကိုနဲ့အတူတူ တက်ရပြန်တယ်။ အခုတော့ သားလေးကို ချီပြီး တက်နေရတယ်။ လှေကားတစ်ထစ် တက်ပြီးတိုင်းမှာ အောင်မြင်မှုအတွက် ပျော်ရတယ်။ အမှတ်ရစရာလေးတွေ လွမ်းရတယ်။

နောင်တချိန်ကျရင် ဒီ ပို့စ်လေးကလည်း အမှတ်တရတစ်ခုအနေနဲ့ ကျန်နေပါစေလို့ ဆုတောင်းရင်း...

Thursday, 7 June 2007

Downunder နှင့် ရွှေမြန်မာ - ၂

Australian Accent ဆိုတာက ကမ္ဘာမှာ နာမည်ကြီးမဟုတ်လား။ မွေးကတည်းက အင်္ဂလိပ်စကားပြောတတ်လာကြတဲ့ အင်္ဂလိပ်အစစ်တွေတောင် နားမလည်နိုင်တဲ့ အင်္ဂလိပ်လေယူလေသိမ်းပေါ့လေ။ ကျွန်မတို့မြန်မာပြည်က အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ဖူးတော့ များသောအားဖြင့် အခေါ်အဝေါ်တွေက ဗြိတိသျှဘက်နွယ်တာပေါ့။ ဒါပေသိ အမေရိကန်ယဉ်ကျေးမှုကလည်း ဟောလိဝုဒ် ရုပ်ရှင်တွေနဲ့အတူ ထိုးဖောက်လာတော့ နားလည်လွယ်တဲ့ အမေရိကန်စကားလေးတွေကိုလည်း လူတွေက သဘောကျပြန်ရော...။ အနှစ်ချုပ်လိုက်တော့ ဟိုမရောက် ဒီမရောက် အင်္ဂလိပ်စကားဖြစ်သွားတာပေါ့လေ။ ဒါပေမယ့် သြစကြေးလျမှာကလည်း မြန်မာပြည်နဲ့ သိပ်မထူးဘဲ ဟိုမရောက် ဒီမရောက် ဖြစ်တာတွေတော့ ရှိပါတယ်။ အင်္ဂလိပ်ဘုရင်စနစ်ရဲ့ လွှမ်းမိုးမှုရယ် ဒုတိယကမ္ဘာစစ်က အမေရိကန်တွေရယ် လွှမ်းမိုးမှုရယ် လူမျိုးပေါင်းစုံစုဝေးနေထိုင်မှုရယ်တွေ ကြောင့်ပေါ့။


ဒါပေမယ့် မြန်မာတွေနဲ့ မတူတာက သြဇီတွေက အရမ်းစကားများတာပဲ။ ကျွန်မတစ်ယောက်တည်းရဲ့ အမြင်ပေမယ့် တော်တော်များများ ထောက်ခံပါတယ်။ ရောက်ခါစဆိုတော့ ကျွန်မကလည်း စကားကို ချွေတာ (အထာမကျသေးတော့ ရဲရဲဝံ့ဝံ့ မပြောတတ်) သူတို့ကလည်း စကားများလိုက်ကြတာဆိုတာ စူပါမားကက်မှာ ဈေးဝယ်ပြီး ပိုက်ဆံရှင်းရင် နေကောင်းလား အစချီပြီး ပြောလိုက်တာ ပေါက်ပေါက်ကို ဖောက်ရောပဲ။ တခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်... ကြုံနေရတော့ ရောမရောက်ရင် ရောမလို ကျင့်ရမယ်လို့ပဲ ကိုယ့်ကိုယ်ကို ဆုံးမရတာပေါ့လေ။ ၀ဲကလည်းဝဲ စကားကလည်းများနဲ့ အူလည်လည်ဖြစ်ရပေါင်းကလည်း များပြီ။ မသိလို့ ပြန်မေးရင်လည်း အရှိန်ကို လျှော့ပြောရကောင်းမှန်းမသိ။ စွတ်ပြောနေကြတော့တာပဲ။ ဒီကြားထဲ သြဇီပေါက်မဟုတ်တဲ့ နိုင်ငံတကာကလာတဲ့ ကိုယ့်လို သူ့လိုလူတွေနဲ့ တွေ့ရင်တော့ ချာလပတ်ရမ်းပြီပဲ။

သြဇီစကား ထူးထူးဆန်းဆန်းလေးတွေ Aussie Slang ဆိုတာကလည်း ပြောလိုက်ကြတာ။ အကုန်လုံးကို အတိုကြိုက် ... Aussie, Woolie, Postie, Yewy, Surfie စသဖြင့် သူတို့ပြောတာတွေ မနည်းနားလည်အောင် ကြိုးစားရတယ်။ ကျေးဇူးတင်တယ်ဆို Ta တဲ့။ Mate ဆိုတာကလည်း ပြောလိုက်ကြတာ... တ မိုက် မိုက်နဲ့။

ပြီးတော့ အေ တွေကို အိုင် လို့အသံထွက်တာက အဆိုးဆုံး။ ကိုယ်က အေ လို့ ပြောရင် အီး လို့ ထင်တာလည်း ခဏခဏပဲ။ နောက်တော့ အေ လို့ မပြောဘဲ အိုင်လို့ ပြောလိုက်ရတယ်။

နေ့တိုင်း စကားလုံးတွေနဲ့ နပန်းလုံးနေရတာလည်း ပျော်စရာ တစ်ခုပေါ့လေ။