၂၀၀၈ - ၂
ရောက်ရောက်ချင်းမှာ အလုပ်က ပေးထားတဲ့ အိမ်လေးမှာ ၁ လနေပြီး တော်တော် ဇိမ်ကျပါတယ်။ အိမ်ကလေးက အသစ်မဟုတ်ပေမယ့် အိပ်ခန်း ၂ ခန်းနဲ့ ပစ္စည်းအပြည့်အစုံပါတော့ အဆင်ပြေလို့နေပါတယ်။ မာမီတို့က ဖုန်းဆက်တော့ ဒယ်အိုးလေး ဒန်အိုးလေး သယ်သွားခိုင်းပေမယ့် မီးဖိုချောင်မှာလည်း အားလုံး ပြည့်စုံနေတော့ ဘာမှကို အိပ်စိုက်စရာ မလိုဘူးပေါ့။
နေဗီဂေတာ အားကိုးနဲ့ပဲ အိမ်တစ်လုံး အမြန်ငှားဖြစ်ပါတယ်။ အင်တာနက်မှာ ကြော်ငြာတဲ့အိမ်တွေကို အရင်ဆုံးလိပ်စာတွေယူပြီး လိုက်ကြည့်ထားပြီးမှ အေးဂျင့်နဲ့ ဆက်သွယ်ပြီး အကြိုက်ဆုံး ၂ အိမ်ကြည့်ပြီး ၁ အိမ်ကို ငှားဖြစ်ပါတယ်။
ဟုတ်ပြီ ဟုတ်ရဲ့နဲ့ အိမ်အသစ်လည်း ရောက်ရော ဘာပစ္စည်းမှ မရှိသေးတဲ့ အပြင် ရီမူဗယ်လစ်စ် နဲ့ တင်လိုက်တာတွေကလည်း ရောက်မလာ ရောက်မလာနဲ့ တော်တော်ကို ကြာသွားပါတယ်။ ကြားထဲမှာ လေမှုတ်မွေ့ရာတစ်လုံး နဲ့ အိပ်ရာခင်းတွေ၊ အိုး ခွက်ပန်းကန် နည်းနည်း ၀ယ်ပြီး ကျားကန်ထားရတာ၊ ပစ္စည်းတွေက ၃ ပတ်ကြာမှ ရောက်ပါတယ်။ ဘာမှ မကွဲမရှဘဲ ရောက်လာတာမို့ တော်သေးတယ် ပြောရမယ်။ ပိုက်ဆံချေတာပြီး အာမခံလည်း မထားမိတာမို့ လမ်းမှာ တခုခုများဖြစ်သွားရင် အကုန်ဆုံးပြီ ဆိုပြီး တော်တော် အိပ်မပျော် ဖြစ်လိုက်သေးတယ်။
ဖုန်းလိုင်းတွေလည်း အသစ်ပြန်လုပ်၊ အင်တာနက်ကတော့ နုတ်ဘွတ်တစ်လုံးနဲ့ ၀ိုင်ယာလက်စ်အင်တာနက်ကို ၀ယ်မိလို့ အင်တာနက်ခတွေ အများကြီး တက်သွားတာကို နေးတစ်မှာတောင် ရေးဖူးသေးတယ်။
နောက်ဆုံးတော့ ပစ္စည်းတွေအားလုံးရောက်လာတော့မှ နေရာချပြီး အတည်တကျ ဖြစ်သွားတာပေါ့။
အဲ့ဒီအိမ်ကလေးက အေးအေးလူလူနဲ့ ချစ်စရာကောင်းပေမယ့်၊ အိမ်မှာ ပူအောင်နေရတယ်လို့ မရှိဘဲ၊ အလုပ်နဲ့ အိုဗာတိုင်နဲ့ ဆက်နေတာနဲ့ အိမ်ကလေးရဲ့ မန်မိုရီတွေကတော့ ဓာတ်ပုံတွေထဲမှာ ကျန်သလောက်ပဲ ကျန်တော့တယ်။
Thursday, 27 May 2010

၂၀၀၈ - ၁
စစချင်းကတည်းက အလုပ်ရှုပ်တဲ့ နှစ်တစ်နှစ်ပါပဲ။ ပြည်နယ်အသစ် မြို့အသစ်ကို ပြောင်းရတယ်လေ။ ပထမတော့ မိသားစု ၃ ယောက်က ခွဲနေဦးမလို့ပါပဲ။ ဒါပေမယ့် သားလေးနဲ့ ကိုနဲ့က ဘယ်လိုမှ ဆစ်ဒနီမှာ နှစ်ယောက်တည်း မဖြစ်သလို ကျန်မကလည်း အိုဗာတိုင်တွေ ဇယ်ဆက်အောင် လုပ်နေရတော့ ကလေးကို တာဝန်ယူဖို့ မဖြစ်နိုင်ခဲ့ဘူး။ အဲ့ဒါနဲ့ပဲ ကို က အနစ်နာခံပြီး သူရဲ့ ပူပူနွေးနွေး ပရိုမိုးရှင်းရထားတဲ့ အလုပ်ကိုထွက်ပြီး ဟုမ်းမိတ်ကာ ဘ၀ကို ရောက်လာပါတယ်။
ပြောင်းမယ် ဆုံးဖြတ်ပြီးကာမှ ဇာတ်လမ်းတွေအများကြီးပါပဲ။ အတွေ့အကြုံဆိုတာ အဲ့ဒီမှာ စကားပြောတာပဲ ထင်ပါတယ်။ ပြောရရင် ကျန်မတို့က ဆစ်ဒနီ ကင်ဘာရာကလွဲပြီး ဝေးဝေးလံလံ သွားဖူးကြတာလည်း မဟုတ်ဘဲနဲ့ ကီလို ၁၆၀၀ လောက်ရှိတဲ့နေရာကို ပြောင်းကြတာပါ။
အမှတ်တရအဖြစ်ဆုံးကတော့ ဟွန်ဒါစီဗစ်လေးနဲ့ မောင်းလာကြတာပဲ။ စိတ်ကူးထဲမှာ တလမ်းလုံးကို သီချင်းကောင်းလေးတွေ ဖွင့်ပြီး ပျော်ကြမယ်ပေါ့။ ဒါပေမယ့် သားလေးက ငယ်သေးတော့ သူ့ကို ဦးစားပေးရတာနဲ့ပဲ လမ်းတလျောက် သားသားကြိုက်တဲ့ Old McDonald had a farm သီချင်းပဲ ဖွင့်ပြီး နားတွေတောင် အူတဲ့အထိပါပဲ။ လင်မယား ၂ ယောက် တစ်ယောက်တလှည့်ကားမောင်းကြရင်း စိတ်ကူးထဲမှာ ဂိုးလ်ကို့စ်ရောက်ရင် မိုတယ် တစ်ခုရှာပြီး အိပ်ကြမယ်ပေါ့။
ဆစ်ဒနီကနေ မြန်မာဆိုင်မှာ မနက်ခင်းစာစားပြီး ထွက်လာလိုက်တာမှာ ပစိဖိတ်လမ်းမကြီးတလျောက် မောင်းပြီး ဂိုးလ်ကို့စ်ရောက်တော့ ညနေ ၇ နာရီလောက်ပေါ့။ မှောင်တော့ မမှောင်သေးဘူး။ အလင်းရောင်ပျပျလေးပဲ ရှိသေးတယ်။ လမ်းမကျယ်ကြီးတွေ၊ နီယွန်မီးလုံးကြီးတွေနဲ့ မြို့ရောင်ထနေတဲ့ နေရာရောက်တော့ ပျော်တာပေါ့။
ခရီးမထွက်ခင် မေးစမ်းလို့ရသလောက် တည်းခိုစရာလိုချင်ရင် Surfers paradise ဆိုတဲ့ ရပ်ကွက်ကို သွားပါဆိုလို့ သွားတာပေါ့။ တဖြည်းဖြည်း မှောင်ရီသန်းလာပြီး ဂိုးလ်ကို့စ် မြို့ကြီးက ညမီးရောင်တွေအောက်မှာ အစွမ်းကုန် ကခုန်နေသလားမှတ်ရတယ်။ ကျန်မတို့အတွက်တော့ နေစရာ မရသေးဘူး။ တွေ့လိုက်သမျလည်း ဟောလိဒေး အပါ့ထ်မန့်တွေလိုပဲ။ ကလေးကလည်း ဗိုက်ဆာလှပြီ။ ကျန်မတို့ နှစ်ယောက်လည်း ခရီးပန်းလာပြီ။ အဲ့ဒါနဲ့ တွေ့သမျ မိုတယ်၊ အပါ့မန့် လိုက်မေးတော့လည်း အဆင်ကမပြေ။ မိုတယ် ခပ်စုတ်စုတ်လေး တစ်လုံးကတော့ အခန်းရမယ်တဲ့ ၂၅၀ လောက် တောင်းပါတယ်။ တကယ့် ပေါက်ဈေးက ၉၀-၁၀၀ ပဲ ရှိတာကို ဆိုင်ရှင် တရုတ်မကြီးက အခြေအနေကြည့်ပြီး ဈေးတင်မှန်း သိတော့ စိတ်နာနာနဲ့ မယူဘူးဆိုပြီး လှည့်ထွက်ခဲ့မိတယ်။ လမ်းကြားလေးက တရုတ်ဆိုင်တစ်ဆိုင်တွေ့တော့ ညစာစားဖို့ ၀ယ်တယ်။ ပြီးတော့ ဘာလုပ်ရင် ကောင်းမလဲ တိုင်ပင်ရပြီ။ တောက်လျောက်မောင်းမလား၊ နေစရာ ရှာဦးမလားပေါ့။ တောက်လျောက်မောင်းဖို့ ကြည့်လိုက်တော့ နောက်ထပ် ကီလို ၇၀၀ ကျန်သေးတယ်။ မနက်တော့ ရောက်မှာပဲ။ အဲ့ဒီအချိန်ဆို လင်မယား ၂ ယောက်လုံး အီစလောင် ဝေနေလောက်ပြီ။ တစ်ယောက်တည်း ကားမောင်းဖို့ စိတ်မချတော့ ၂ ယောက်လုံး မျက်စိပြူးပြီး မောင်းရမှာကိုး။ ကလေးက မနက်မှ နိုးလာရင် ဘယ်သူမှ အိပ်ရမှာ မဟုတ်ဘဲ ခရီးပန်းတာ တော်တော်ဆိုးလိမ့်မယ်။ အဲ့ဒါနဲ့ ဘရစ်စ်ဘင် အထိတော့ ဆက်မောင်းလိုက်မယ်၊ ဘရစ်စ်ဘင်မှာက မြို့ပိုကြီးတော့ တည်းစရာတွေ ပေါလိမ့်မယ်ဆိုပြီး နောက်ထပ် ၁ နာရီ ခရီးကို မောင်းပါတယ်။ တော်တော်လေး မိုးချုပ်နေပြီပေါ့။
လမ်းမှာ ကံကောင်းချင်တော့ အရင်အလုပ်တုန်းက မလွှင့်ပစ်ရက်လို့ သိမ်းထားတဲ့ go stay စာအုပ်လေးကို တွေ့ပါတယ်။ အဲ့ဒီမှာ တည်းခိုခန်းတွေ ဖုန်းနံပါတ်တွေ အကုန်ပါတော့ အဲ့ဒီအထဲက မိုတယ်ချိန်း နံပါတ်တစ်ခုကို ဆက်လိုက်တော့မှ နောက်ဆုံး တစ်ခန်းပဲ ကျန်တော့တဲ့ ဘရစ်စဘင်က မိုတယ်ဖုန်းနံပါတ်ကို ရပါတယ်။ အဲ့ဒါနဲ့ ရတာပဲ ယူလိုက်မယ်ဆိုပြီး အဲ့ဒီ အခန်းကို ဘွတ်ကင်လုပ်၊ လိပ်စာယူပြီး၊ နေဗီဂေတာ နဲ့ သွားပါတယ်။ အဲ့ဒီအချိန်တုန်းက နေဗီဂေတာကို ကျေးဇူးအတင်ဆုံးပါပဲ။ မိုတယ်ရောက်တော့ ၁၁ နာရီ ခွဲခါနီးပြီ။ အခန်းလေးကလည်း ကျဉ်းလိုက်တာဆိုတာ မလှည့်သာ မလွန့်သာလေး။ မီးဖိုအသေးလေးနဲ့ စားပွဲအသေးလေးမှာ တရုတ်ဆိုင်က၀ယ်လာတဲ့ ၀ယ်လာတဲ့ ညစာကို ပြင်ဆင်ပြီး စားကြတယ်။ ရေမိုးချိုးပြီး လူက တော်တော် လန်းသွားပြီး စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ခဲ့ရပါတယ်။ အဲ့ဒီနေ့က အဖြစ်ကို ပြန်တွေးတိုင်း ခရီးသွားရင် တည်းခိုစရာကို ကြိုပြီး ဘွတ်ကင် လုပ်ရမယ်ဆိုတဲ့ သင်ခန်းစာကို ကောင်းကောင်းရခဲ့ပါတယ်။
နောက်တနေ့တော့ ကျန်မတို့မြို့ကို နေ့လည် ၃ နာရီ မထိုးခင်လောက် ရောက်ခဲ့တာပေါ့လေ။
အခုအချိန်မှာ ပြန်တွေးကြည့်တော့ ... ဟိုသီချင်းထဲကလိုပဲ ... လူပါးမ၀ခင်တုန်းက ပြောရတော့ ရယ်စရာပါ... ဆိုသလို ရယ်လို့ကောင်းနေပြီပေါ့လေ။ အဲ့ဒီတုန်းကတော့ တကယ့် adventure ကြီးပါပဲ။
Subscribe to:
Comments (Atom)