ကိုယ်ဟာ သိပ်ပြီး တာဝန်သိတတ်တဲ့သူတစ်ယောက် မဟုတ်တာကိုတော့ စစချင်းကတည်းက ၀န်ခံချင်ပါတယ်။ တာဝန် ဆိုတဲ့စကားကို ငယ်ငယ်က ရုပ်ရှင်လို့ပဲ သိထားခဲ့တာ မဟုတ်လား...။
အခု ဘ၀ရဲ့ လမ်းခုလတ်ကိုရောက်လာတော့ တာဝန် တာဝန် တာဝန် တွေ ပိပိပိ လာပါတယ်။ ဒါတွေကို တနေ့တနေ့ ဖြိုချဖို့ အင်အားတွေ ကုန်ခန်းသွားတဲ့အထိပါပဲ။ အိမ်ထောင့်တာဝန် ဆိုတဲ့ ကြီးလေးတဲ့ အတုံးကြီး တစ်တုံးက ကိုယ့်ကို ဖိချထားတယ်လို့ ခံစားရတယ်။ ကိုယ်နှစ်သက်တဲ့ ဖိုရမ်ဖတ်တဲ့ အလုပ်ကို စွန့်လွှတ်ခဲ့ပြီ။ တိတိပပ မဖြတ်နိုင်သေးပေမယ့် ၉၀% လောက်တော့ ပြတ်နေပြီ လို့ပဲ ပြောရမယ်။ တီဗီ အစီအစဉ်တွေကို ဇိမ်လေးနဲ့ မငေးကြည့်နိုင်တာ ကြာပေါ့...။
ဒါပေမယ့် အလုပ်တွေက ပြီးသွားသလား...။ မြန်မာ အယူအဆအရ မိန်းမလုပ်ရမယ့် အလုပ်တွေ ဆိုတဲ့ အထဲက တစ်ဝက်ကျော် အကုန်နီးပါးကို ယောက်ျားက လုပ်ပေးနေတာ ကြာတော့လည်း အားတုံ့အားနာ ဖြစ်လာသေးတယ်။ ဟင်းအရံလေး တစ်ခွက်နှစ်ခွက် ၀င်ချက်တာကလွဲလို့ ဖြစ်နိုင်ရင် တရုတ်ဆိုင်ကပဲ ၀ယ်စားပြီး ၀ ချင်လည်း ၀ပေ့စေ၊ အချိုမှုန့်တွေ စားမိလည်း ရေသောက်ရုံပဲ လို့ တွေးမိတဲ့ ရက်တွေလည်း များပေါ့...။ အ၀တ်ခြောက်စက်လေး ရှိနေလို့ လျှော်တဲ့ ဖွတ်တဲ့ ခြောက်တဲ့ အလုပ်က လွယ်ပေမယ့် မီးပူတိုက်ရတာက ခက်ပြန်ရော...။ မီးပူအတိုက်ခံချင်တဲ့ အ၀တ်ပုံကြီးက မျက်စ တပစ်ပစ် နဲ့ ကိုယ့်ကို ကြည့်နေတော့ မနေတတ်သလိုတောင် ဖြစ်လာသေး။
သားသားက ကူ ပြီးခွဲ ပစ်နေလို့ ပန်းကန်တွေတော့ သိပ်ဆေးစရာ မရှိတာ တော်သေးတယ် ပြောရမယ်။ စတီးအိုးလေးတွေကို အချိန်ပေးပြီး တိုက်ချွတ်ချင်ပေမယ့် ... အင်း... အချိန် အချိန်။ အိမ်သန့်ရှင်းရေးကတော့ အိမ်လေးတစ်ထွာလောက်မှာကို လက်မလည်ချင်ဘူး။ အိမ်နည်းနည်းများ ကြီးရင် ရန်ကုန်က အမှိုက်ပုံလို ဖြစ်တော့မလားပဲ။ သားလေးက ဖွ တဲ့အရွယ်ဆိုတော့ သိမ်းပေတော့ပဲ။
စာမေးပွဲကနီးပြီ။ စာဖတ်တာ ၁ ပတ် ၃ ရက်။ လုံလောက်ပါ့မလား။ ဒီကြားထဲ အိမ်စာတွေကို အလုပ်ယူသွားပြီး ခိုးဖတ်ရသေး။ အလုပ်ကလည်း တခါတလေတော့ ပျော်ဖို့ကောင်းပါရဲ့။ စာရင်းရှုပ်တဲ့ လူနာတွေလာရင် စိတ်ပျက်တယ်။ တစ်နေ့မှာ ၃ နာရီက ၃ ကမ္ဘာလောက် ကြာသလားမှတ်ရတယ်။
ကိုယ့်ကိုယ်ကို အားမရ ဖြစ်နေတာတွေ ပျောက်အောင် စာအုပ်နဲ့ ရေးမှတ် ၊ အလုပ်တွေ ပြီးအောင် လုပ်ပြီး အခု ၂ ပတ် အကြာမှာတော့ အသင့်အတင့် ကျေနပ်စပြုလာတယ် ပြောရမယ်။ ဒါပေမယ့် ပြသနာက ပြီးမသွားဘူး။ သားလေးက ပိန် နေသလား မသိဘူး။ ရာသီဥတုကလည်း မကောင်းတော့ နေမကောင်း ဖြစ်မှာလည်း စိုးရသေးတယ်။ နောက်ပြီးတော့ သားလေးအဖေ ... အလုပ်က ပင်ပန်းတာရော အိမ်မှာ ပင်ပန်းတာရောနဲ့... ချုန်းချုန်းကျတော့မယ်။ တာဝန်တွေ တာဝန်တွေ...။
မာမီနဲ့ အဖေတို့ နောက်လကျရင် လာလည်ကြမယ်။ သမီးတစ်ယောက်အနေနဲ့ သူတို့ ပျော်အောင် လုပ်ပေးနိုင်ပြီ... တာဝန်ကျေတယ် မဟုတ်ပေမယ့် ... တာဝန်မဲ့ပစ်ထားတာမျိုး မဟုတ်ဘဲ မိဘကို စိတ်ချမ်းသာစေတယ်လို့ တွေးမိပါတယ်။ သူတို့လာရင် လိုက်ပို့ရမယ် တာဝန်တွေ၊ စီစဉ်ရမယ့် တာဝန်တွေ... တာဝန်တွေ ... တာဝန်တွေ...
ဟူး... မောတော့ မောတာပေါ့... ဒါပေမယ့် မမောဘူး။
Thursday, 23 August 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment