Tuesday, 29 May 2007

Downunder နှင့် ရွှေမြန်မာ

ရွှေမြန်မာတို့ အတွက် သြစတြေးလျ အကြောင်း-၁

သြစတြေးလျ မြေကို မနင်းရသေးခင် လေယာဉ်ပေါ်မှာ Declare or Beware ဆိုတဲ့ ကြော်ငြာတွေ တွေ့ရပါလိမ့်မယ်။ ဒီက Custom တွေက သိပ်ဆိုးတယ်လေ။ ဆိုးတယ်ဆိုလို့ ခပ်ဆိုးဆိုး အကောက်ခွန်တွေကို ပြေးမမြင်လိုက်နဲ့ဦး။ ဒီမှာက သူတို့ မြေပေါ်ကို ထိခိုက်မှာတွေ ပါလာမှာ စိုးကြတာပါ။ အဲ့ဒါကြောင့် အစားအသောက် တွေ သစ်ပင်ထွက် ပစ္စည်းတွေ မြေကြီးတွေ အကောင်ဗလောင်တွေ ဆေးဝါးတွေကို ဒီတိုင်းပေးမယူပါဘူး။ လေဆိပ်မှာ ကြေညာ ရပါတယ်။

လေဆိပ်မှာ အထူးလေ့ကျင့်ထားတဲ့ ခွေးလေးတွေလည်း ရှိတယ်။ အိတ်တွေကိုလည်း ဓာတ်မှန်ရိုက်ကြည့်ကြပါတယ်။ အဲ့ဒါကြောင့် ခိုးသယ်မယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ကြေညာလိုက်ပြီးရင် လူတန်းစီတာ စောင့်ရတာက လွဲလို့ ဘာမှ ပြသနာ မရှိပါဘူး။ ဒါပေမယ့် အသား ၊ ပဲစေ့ ၊ တိုင်းရင်းဆေး စတာတွေကို ပေးမယူလိုပါဘူး။ စောစောစီးစီးကတည်းက အဲ့ဒီ ပစ္စည်းတွေ သယ်မလာရင်တော့ အကောင်းဆုံးပါပဲ။ ပိုက်ဆံကိုလည်း အော်စီဒေါ်လာ ၁၀၀၀၀ ထက်ကျော်ရင် ကြေညာရပါမယ်။ အထူး သတိထားရမှာကတော့ လွတ်တယ်ဆိုတာ မရှိပါဘူး။ သူတို့က အရမ်း တိကျပြီး အဖမ်းအဆီးကောင်းပါတယ်။ တိုင်ဆိုင်ရင်တော့ တီဗီမှာလာတဲ့ Border Security ဆိုတဲ့ စီးရီးမှာ ပါနေပါဦးမယ်။ တိုင်းသိပြည်သိ ဖြစ်သွားတာပါ့လေ။

ခိုးသယ်လို့ မိသွားရင် ဒဏ်ကြေးက အရမ်းများပါတယ်။ ပြီးတော့ နောက်တစ်ခါ ၀င်တိုင်း ၀င်တိုင်းမှာ စစ်ဆေးမယ်တို့ ဘာတို့ ဖြစ်ကုန်ပါရော။ ဇာတ်လမ်း အင်မတန်ရှုပ်လို့ ကြေညာစရာ ရှိတာ ကြေညာဖို့ လိုပါတယ်လို့ပဲ ပြောပါရစေ။ အလွယ်ကူဆုံး အကြံပေးချင်တာကတော့ ကြေညာမယ့် ပစ္စည်းတွေကို ဖွင့်ရ ပြုရလွယ်တဲ့ အိတ်ထဲမှာ ထည့်လာတာကတော့ အချိန်ကုန် လူပန်း သက်သာစေပါတယ်။

ဆက်ရန်...

Monday, 28 May 2007

ငါ မသိတဲ့ငါ

စဉ်းစားမိတယ်...

ငါဟာ တည်ငြိမ်သူလား ငါဟာ သွေးဆူတတ်သူလား
ငါဟာ ရဲဝံ့သူလား ငါဟာ ကြောက်တတ်သူလား
ငါဟာ ထူးချွန်သူလား ငါဟာ ထုံထိုင်းသူလား
ငါဟာ စကားပြောကောင်းသူလား ငါဟာ ဆွံ့အတတ်သူလား
ငါဟာ ပွင့်လင်းသူလား ငါဟာ လျှို့ဝှက်သူလား
ငါဟာ ချစ်တတ်သူလား ငါဟာ စိတ်ပြတ်သူလား
ငါဟာ အပေါင်းအသင်းမင်သူလား ငါဟာ တစ်ယောက်တည်းနေလိုသူလား
ငါဟာ ခွင့်လွှတ်တတ်သူလား ငါဟာ နာကျည်းတတ်သူလား
ငါဟာ သည်းခံတတ်သူလား ငါဟာ အနိုင်ယူတတ်သူလား
ငါဟာ ရောင့်ရဲတတ်သူလား ငါဟာ လောဘကြီးသူလား
ငါဟာ ကြိုးစားသူလား ငါဟာ ပျင်းရိသူလား

လား လား လား လား

ဒီမေးခွန်းတွေအတွက် ငါ့မှာ အဖြေမရှိခဲ့ပါ။ တကယ်တော့ငါဟာ အစွန်းနှစ်ဖက်ကြားမှ မျှခြေတစ်ခုကို လုံးပန်းနေရတဲ့ လူသားတစ်ယောက်သာ ဖြစ်ပါသည်။

(ငါ ဆိုသည်မှာ ဖယောင်းတိုင် ဟု မသက်ရောက်စေရ)

Saturday, 26 May 2007

ပန်းရောင်နဲ့ အပြာရောင်

ကျွန်မတို့စုံတွဲကို သူငယ်ချင်းတွေထဲမှာ တစ်ဂိုး ဂိုးမရှိနဲ့ ဗိုလ်စွဲထားတယ်လို့ ပြောစမှတ်ပြုကြတာကတော့ သားလေး မွေးထားလို့ပေါ့။ မြန်မာတွေမှာ ယောက်ျားလေး မိန်းမလေး ခွဲခြားတယ်ဆိုတာ မရှိဘူးလို့ ဘယ်လောက်ပဲ မျက်စိစုံမှိတ်ငြင်းငြင်း ယောက်ျားလေးမွေးလိုက်ရင်တော့ တပန်းသာတယ်လို့ ယူဆကြတာများပါတယ်။ အမှန်အတိုင်း ၀န်ခံရရင်တော့ ကျွန်မကတော့ ကိုယ့်သားသမီးဆို ဘာလေးပဲ ဖြစ်ဖြစ် ချစ်မှာပဲမို့ သားလေးဖြစ်လို့ ပိုချစ်မိတယ်လို့တော့ မထင်မိပါဘူး။

အခုရေးချင်တဲ့ အကြောင်းက သားလေးကို အပြင်တွေ ခေါ်သွားရင် မိန်းကလေးနဲ့ မှားကြတာပါပဲ။

ဘယ်ကလေးမဆို ငယ်တုန်းမှာ ရုပ်ရည်ရော အသံရောက မိန်းကလေး ယောက်ျားလေး ကွဲပြားလှအောင်တော့ မရှိပါဘူး။ အရွယ်ရောက်လို့ လူပျိုပေါက် အပျိုပေါက် ဖြစ်မှသာ အသွင်အပြင်ကွဲပြားသွားတာ မဟုတ်လား။ ငယ်တုန်းကတော့ မိဘ ဆင်ပေးသလိုပဲ ကလေးက ပုံစံထွက်တာပေါ့လေ။


ဒါပေမယ့် လူတွေကပဲ သတိမထားတာလား မသိဘဲ မသိတာလား တမင်ပဲ ပြောတာလားတော့ မပြောတတ်ပါဘူး။ ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီနဲ့ ဝေါ့ကင်းရှုးနဲ့ ကလေးကိုလည်း မိန်းကလေးလို့ ထင်ကြတယ်။ ဆိုင်တွေမှာ မိန်းကလေး အသုံးအဆောင်တွေက များသောအားဖြင့် ပန်းရောင်ဖြစ်ပြီးတော့ ယောက်ျားလေးအတွက်ဆို အပြာရောင်တွေပါပဲ။ အနီရောင် အစိမ်းရောင်တွေကတော့ ကြားထဲက အရောင်ပေါ့လေ။ ကလေးမွေးတယ်ဆိုလို့ ဘာလေးမှန်း မသိရင် လက်ဆောင်ပေးတဲ့အခါ အဲ့လို ကြားရောင် လေးတွေ ပေးလို့ကောင်းတာပေါ့။

မယုံမရှိနဲ့... ယောက်ျားလေးမွေးလည်း ပန်းရောင် လက်ဆောင်ပေးတဲ့ အကျင့်က တို့တိုင်းပြည်မှာ ရှိကို ရှိသေးတယ်။ သားလေးမွေးတုန်းက ချက်ကြိုးဖြတ်ပြီးရင် ညှပ်တဲ့ ကလစ်လေးကို ပန်းရောင်တပ်မယ်လုပ်လို့ စိတ်ဆိုးရသေးတယ်။ နောက်မှ ဆေးရုံတကာ ပတ်ရှာဝယ်ပြီး အပြာရောင် ကလစ်လေး ရလာတယ်။ ယောက်ျားလေးကို ပန်းရောင်ကလစ်လေး ချက်မှာတပ်ထားရင် ဘယ်လောက်ဆိုးမလဲ တွေးသာကြည့်ကြပါတော့...။ အဲ့ဒါကို မဆိုးဘူး... ကလေးပဲ ဘာသိမှာလဲ... ကဲကို ကဲတယ်လို့ ထင်ကြသူတွေလည်း ရှိပါတယ်။ ကလေးကလည်း လူပဲမို့ တန်ဖိုးထားပြီး ဆက်ဆံသင့်တယ်လို့ ကျွန်မကတော့ မြင်ပါတယ်။ ကျွန်မ သမီးလေးမွေးရင်လည်း ကလေးချက်မှာ အပြာရောင် ကလစ်ကြီး လာတပ်မယ်ဆိုရင် ပျော်နိုင်မယ် မထင်ပါဘူး။ ပန်းရောင်နဲ့ အပြာရောင် ၂ မျိုးပဲ ရှိတဲ့ ကလစ်တွေက ဘာအတွက်လဲဆိုတာ ရှင်းနေတာပဲ...ဒါပေမယ့် ဂရုမစိုက်ဘဲ ပစ်စလက်ခတ် လုပ်နေကြတုန်းပါပဲ။

သားလေးမွေးပြီးတော့လည်း ပန်းရောင်အသုံးအဆောင်တွေ ပေးလိုက်ကြတာ။ ခင်လို့ မင်လို့ လက်ဆောင်ပေးတာပေမယ့် အသုံးမတည့်တာကြီးပေးတော့ ဖီလင်တော့ အောက်တာပေါ့လေ။ မသိလို့ ပေးတဲ့သူရဲ့ အပြစ်လား... သိလို့ မသုံးချင်သူရဲ့ အပြစ်လား တော့ မပြောတတ်တော့ပါဘူး။ နှမြောဖို့တော့ ကောင်းတာပေါ့။ နောက် မိတ်ဆွေထဲမှာ မိန်းကလေးမွေးရင် ပြန်ပေးဖို့ပဲ သိမ်းထားလိုက်ရတယ်။

မြန်မာပြည်မှာက ထားပါတော့။ ဒီမှာနေတာကြာတဲ့ မြန်မာတွေ မှားကြတာကတော့ ပိုဆိုးတာပေါ့လေ။ ယောက်ျားလေး မိန်းကလေး အသုံးအဆောင် အ၀တ်အစား အကုန် သပ်သပ်စီ ရှိနေတာ။ မသိဘူးဆိုရင်လည်း သမီးလေးလား သမီးလေးလားနဲ့ မမေးနဲ့ ပေါ့။ ကျွန်မကတော့ စိတ်မဆိုးတတ်ပေမယ့် သားလေးအဖေကတော့ မကြိုက်ဘူးလေ။ သားမှသား ဆိုပြီး အဖြစ်သည်းနေတာကို သမီးလေးလား လို့ အမေးခံရတာ တော်တော်ဆိုးပါတယ်။ အခင်အမင်ပျက်သွားရင်လည်း ကိုယ်က သဘောထားသေးရာ ရောက်ဦးမယ်။

အဲ့ဒါကြောင့်ပဲ ရှေးလူကြီးတွေက မရှိတာထက် မသိတာခက်လို့ ပြောကြတာပေါ့။

Friday, 25 May 2007

ဖယောင်းတိုင်လေး တစ်တိုင်

ဘလော့ဂ်ဆိုတာကို စပြီး ကြားဖူးတာကတော့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က မဒီဂျွန်တို့ ညီအစ်မတွေနဲ့ ချတ်တင်းလုပ်ဖြစ်ရင်းကပါ။ သူတို့တွေက ရေးပါလားလို့ ဖိတ်ပေမယ့် မရေးဖြစ်ခဲ့ပါဘူး။ နေးတစ်ဖိုရမ်မှာ ဘလော့ဂ်အကြောင်းတွေ ပြောကြတော့လည်း ဘာမှ မသိလို့ ၀င်မပြောဖြစ်ခဲ့ပါဘူး။

အခုတော့ ဘလော့ဂ်လေးတစ်ခုတော့ လုပ်ဦးမှ ဆိုတဲ့ စိတ်ပြန်ပေါ်လာတာနဲ့... စမ်းကြည့်လိုက်ပါတယ်။ မြန်မာလိုလေး ရေးရမယ်ဆိုတော့ ပိုပြီး အားရှိသွားတာပေါ့လေ။ သူများတွေလိုတော့လည်း လှလှပပတွေ မလုပ်တတ်သေးပါဘူး။ ကြိုးစားပြီး သင်ယူရပါဦးမယ်။

သူများကို အကျိုးပြုနိုင်ဖို့အထိတော့လည်း မရည်ရွယ်ရဲပါဘူး။ ကိုယ်ပြောချင်တာလေးတွေ ရေးမှတ်ထားလိုက်မယ်ဆိုတဲ့ စိတ်ပဲ ရှိပါတယ်။ ကိုယ့်အတွက် နေးတစ်ဖိုရမ်ပြီးရင် နောက်ထပ် ထွက်ပေါက်လေးတစ်ပေါက်ပေါ့လေ။

အခုလောလောဆယ် စဉ်းစားလို့ ရတာကတော့ ရေးဖြစ်မယ့် အကြောင်းအရာတွေက ကိုယ်နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်က အကြောင်းတွေပဲ ဖြစ်မှာပါ။ သားလေး အကြောင်း၊ သြစတြေးလျအကြောင်း၊ အလုပ်အကြောင်း၊ မိသားစု အကြောင်းတွေပဲ တွေးကြည့်လို့ ရပါသေးတယ်။

ပထမဆုံး ကျွန်မရဲ့ နစ်ခ်အကြောင်းစပြီး ရေးပါ့မယ်။ ဖယောင်းတိုင်ဆိုတဲ့ နာမည်လေးကို သဘောကျလို့ ယူဖြစ်သွားတာပါ။ ဖယောင်းတိုင်လေးတွေမှာ အလင်းရောင်လေးက မှိန်မှိန်လေးပေမယ့် တတ်အားသရွေ့ လင်းနေရတဲ့ သဘာဝလေးကို သဘောကျတာ အဓိကပါ။ ဖယောင်းတိုင်ဆိုတာ နေမင်းကြီးလောက်တော့ ထိန်ထိန်သာမနေပေမယ့် နီးစပ်ရာလေးမှာ အလင်း အပူ ရနံ့ ပေးတတ်တယ်လေ။ ဖယောင်းတိုင်လေးတွေကြောင့် အကျိုးရှိတဲ့သူတွေ ရှိသလို မသိမသာ နေလိုက်လည်း ဘာမှ မထူးခြားသွားပါဘူး။ ကိုယ်တိုင်ကလေး ဖယောင်းတိုင်လေး တစ်တိုင်လိုပဲ တိတ်တိတ်လေးပဲ ထွန်းလင်းနေချင်ပါတယ်။

နောက်တစ်ချက်ကတော့ ဖယောင်းတိုင်ဆိုတော့လေ... မီးမလာတဲ့ အရပ်မှာဆိုရင် အလင်းရောင်ရဖို့ ထွန်းပစ်လိုက်တာနဲ့ ခဏလေး ကုန်သွားမှာပေမယ့်... မီးလာတဲ့ အရပ်တွေမှာ တန်ဖိုးထားပြီး ထွန်းကြတယ်မဟုတ်လား။ ကျွန်မကတော့ ဖယောင်းတိုင်ပီပီ မီးလာတဲ့ အရပ်မှာပဲ ပျော်ပါတယ်။

ကျေးဇူးတင်လွှာ

ကဲ... အခုတော့ မြန်မာလို စာရိုက်လို့ အဆင်ပြေသွားပါပြီ။ အစအဆုံး ကူညီပေးတဲ့ နေးတစ်က ညီမလေး ပီစပိရစ်နဲ့ ... လိုအပ်သည်များဆွဲချလို့ရအောင် လင့်ခ်ပေးထားသော ညီလင်းဆက်ကို ကျေးဇူးတင်ကြောင်း ဦးစွာပထမ ရေးသားလိုက်ရပါသည်။

First Post!

Welcome to my blog. I have heard of blogs for a long time but never had a chance to start one. Now I realize myself to have a good blog. However I still need to learn many things... because I do not know anything about blogging.
Alright... visit here often! G'day...