Saturday, 6 October 2007

နင်နဲ့ငါ -၂-

သူငယ်ချင်းရေ...

ဒီနေ့ မထင်မှတ်ဘဲ ငယ်ငယ်တုန်းက ဗီဒီယို အခွေတွေ ပြန်ကြည့်တော့ ငါတို့ ပုံလေးတွေ အမှတ်တရ မြင်ရပြန်ရော။ အချိန်ရဲ့ တိုက်စားမှုတွေကြောင့် အရာရာတိုင်းက ပြောင်းလဲသွားကြပြီလို့ ပြောရမလား။ ငါတို့တွေ ညောင်ဂျိုး လမ်းပေါ်မှာ အပြေးပြိုင်နေကြတာ... ဗိုလ်တဲ ထဲမှာ ထမင်းတွေပုံစားကြတာ ... ပြန်ကြည့်မိတော့ ငါတို့ ကလေးဘ၀လေးကို တော်တော် သတိတရ ဖြစ်မိတယ်။ အဲ့ဒါနဲ့ပဲ ဒီပို့စ်ကို ရေးမိတာပေါ့ဟာ။ အခု ၀တုတ်ကြီး ဖြစ်နေတဲ့ နင့်အစ်ကိုကြီးရဲ့ ငယ်ငယ်တုန်းက ပိန်ညောင်ညောင်ပုံ ... အခု ပိန်ညောင် ဖြစ်သွားတဲ့ နင့်မောင်လေးရဲ့ ငယ်ငယ်တုန်းက ၀၀ကစ်ကစ်ပုံတွေလည်း ပါပါ့။ နင့်အဖေနဲ့ ငါ့အဖေလည်း ဆံပင်တွေ အများကြီး ကျန်သေးတယ်ဟ..။ ငါတို့ အမေတွေကတော့ ဒီပုံပါပဲ။ သြော်.. အဲ့ဒီ အခွေကို နင်နဲ့ငါနဲ့ နှစ်ယောက် အတူတူ ပြန်ကြည့်ဖို့မှ အခြေအနေပေးပါတော့မလားဟယ်။

အခုတလော တိုင်းပြည်ကလည်း ပြသနာတွေနဲ့ ရှုပ်ထွေးနေချိန်မှာ ငါတို့ ၁၀တန်းပြီးတုန်းက တွဲတဲ့ သူငယ်ချင်းတွေထဲမှာ နင်တစ်ယောက်ပဲ မြန်မာပြည်တွင်းမှာ ကျန်နေတော့တာ မဟုတ်လား။ ငါတို့ အားလုံး ပြောဖြစ်ကြပါတယ်။ နင့်ကို စိတ်ပူတာရော စိတ်မပူတာရော စုံလို့ပါပဲ။ စိတ်ပူတာကတော့ ရှုပ်ထွေးတဲ့ အခြေအနေတွေမှာ ကြားညပ်မှာစိုးတာရော... စိတ်မပူတာကတော့ နင့်ကို ကာကွယ်ပေးမယ့်သူတွေ နင့်အနားမှာ အများကြီးဆိုတာ သဘောပေါက်ပြီးသားမို့ပါဟာ...။

ဗီဒီယိုရဲ့ အစမှာ ရက်စွဲလေးက ပါသေးတယ်။ ၁၉၈၇ မတ်လ ၂ ရက် တဲ့။ ဆိုရှယ်လစ်ခေတ်က တောင်သူလယ်သမားနေ့ပေါ့။ နင်နဲ့ငါ ခေတ်အဆက်ဆက် သူငယ်ချင်းအဖြစ် လက်တွဲလာပေမယ့် နိုင်ငံရေးတွေ ငြင်းတိုင်း ဘက်မတူကြဘူးလေ။ အဲ့ဒီတုန်းက နင်က နင်နဲ့နာမည်တစ်လုံးတူတဲ့သူ ဘက်က နေခဲ့တာ မဟုတ်လား။ ငါကတော့ လက်လှမ်းမီရာ စာအုပ်တွေရဲ့ လွှမ်းမိုးမှုတွေနဲ့ပေါ့။ ဒါပေမယ့် ဒါပေမယ့်... နောက်ပိုင်း ခံယူချက်တွေ ပြောင်းလဲသွားလိုက်တာ... အခုဆိုရင်တော့ နင်နဲ့ငါနဲ့ ပြောင်းပြန်ကြီး ဆန့်ကျင်နေကြပြန်ရော ထင်တယ်။

ငါ နင့်ဆီကို ဖုန်းခေါ်မလို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် မခေါ်ရဲပြန်ဘူး။ ဖုန်းလိုင်းတွေရော အခြေအနေရှုပ်နေတာရော နင်နဲ့ငါနဲ့ ဝေးကွာနေတာရောတွေကြောင့်.... နင်အပြင်ရောက်လာတဲ့အခါကျမှပဲ ခဏလောက် စကားပြောဦးမယ်။ သေချာတာကတော့ ငါ ပြောချင်တဲ့ စကားတွေ ပြောမိမှာ မဟုတ်ဘဲ နင်ပြောတာတွေကိုပဲ လိုက်နားထောင်ရဦးမှာပါပဲလေ...။

(စာဖတ်သူများသို့... တကယ်လို့ အချိန်ရခဲ့ရင် ကျွန်မတို့ သူငယ်ချင်း၂ယောက်ရဲ့ ငယ်ငယ်တုန်းက ဗီဒီယိုဖိုင်လေးကို တင်ပေးပါ့မယ်။ မကြာမီ လာမည် မျှော်...)